Home
မြန်မာသတင်း
ကမ္ဘာ့ရာဇဝတ်မှုဖြစ်ပွားမှုနှုန်း အမြင့်ဆုံး ၁၀ နိုင်ငံတွင် မြန်မာက နံပါတ် ၁ နေရာ ရပ်တည် 
DVB
·
July 17, 2024
Photo-Global Organization Crime Index

ကမ္ဘာပေါ်မှာ ရာဇဝတ်မှုဖြစ်ပွားမှုနှုန်း အမြင့်ဆုံးနိုင်ငံ ၁၀ နိုင်ငံစာရင်းကို ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှု အညွှန်းကိန်းအဖွဲ့အစည်း Global Organization Crime Index က ဇူလိုင်  ၁၆ ရက်က ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံက နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။

နိုင်ငံတနိုင်ငံရဲ့ ရာဇဝတ်မှု ဖြစ်ပွားမှုနှုန်းကိုတော့ အဲဒီနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးစတဲ့ ပြဿနာမျိုးစုံကို ကြည့်ကာ တိုင်းတာနိုင်တာဖြစ်ပြီး ရာဇဝတ်မှု အမြင့်ဆုံးနိုင်ငံတွေမှာ နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုနဲ့ တခြား ရာဇဝတ်မှုပေါင်းများစွာကဲ့သို့သော အမျိုးမျိုးသော စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှုအညွှန်းကိန်းအဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မြန်မာနိုင်ငံဟာ ရာဇဝတ်မှုအညွှန်းကိန်း  ၈ ဒသမ ၁၅ နဲ့  ကမ္ဘာပေါ်မှာ ရာဇဝတ်မှု ဖြစ်ပွားမှုနှုန်း အမြင့်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေကာ လူမှောင်ခိုကူးမှုတွေနဲ့ လက်နက်ကုန်သွယ်မှုအပါအဝင် ရာဇဝတ်မှုဆိုင်ရာ ကြီးမားတဲ့ ဈေးကွက်ကြီးတခုအဖြစ် ရှိနေကြောင်း ဖော်ပြထားပါတယ်။

ဒါတင်မက ဒေသရင်း အပင်နဲ့ တိရစ္ဆာန်မျိုးစုံ တရားမဝင်ကုန်ကူးမှု ရာဇဝတ်မှုတွေကနေ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများအဆုံး တခြားရာဇဝတ်မှုဆိုင်ရာ မှတ်တမ်းတွေ များစွာရှိတယ်လို့လည်း ဆိုထားပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံဟာလည်း ရာဇဝတ်မှု အညွှန်းကိန်း ၇ ဒသမ ၇၅ နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်ကနဲ့ နှိုင်းယှဉ်ရင် အညွှန်းကိန်း ၀ ဒသမ ၀၉ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အကြီးမားဆုံး နိုင်ငံတနိုင်ငံအဖြစ် ရှိနေပြီး မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေနဲ့ ရာဇဝတ်မှုဆိုင်ရာ မှတ်တမ်းတွေ များစွာရှိနေတဲ့ နိုင်ငံဖြစ်တယ်လို့  ဆိုပါတယ်။

မြောက်အမေရိကဒေသက  မက္ကဆီကိုနိုင်ငံကတော့ အညွှန်းကိန်း  ၇ ဒသမ ၅၇ နဲ့ နံပါတ် ၃ နေရာမှာ ရပ်တည်နေပြီး လူမှောင်ခို၊ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုကူးမှုတွေလို  ရာဇဝတ်မှုများ များစွာ ရှိနေတာကြောင့် ဖြစ်ပါတယ်။ 

ပါရာဂွေးနိုင်ငံကတော့ နံပါတ် ၄  နေရာမှာ ရှိနေပြီး အာဖရိကတိုက်က ကွန်ဂိုနိုင်ငံက နံပါတ် ၅ မှာ ရပ်တည်နေပါတယ်။ 

လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေအပါအဝင် အထူးသဖြင့် ကလေးငယ်နဲ့ အမျိုးသမီးတွေ မှောင်ခိုကူးမှု အမြင့်ဆုံး နိုင်ငံတနိုင်ငံအဖြစ် လူသိများတဲ့ နိုက်ဂျီးရီးယားနိုင်ငံက နံပါတ် ၆ နေရာမှာရှိပြီး နံပါတ် ၇ နေရာမှာ တောင်အာဖရိက၊ နံပါတ် ၈ နေရာမှာ အီရတ်၊ နံပါတ်  ၉ နေရာမှာ အာဖဂန်နစ္စတန်နဲ့ နောက်ဆုံး နံပါတ် ၁၀ နေရာမှာ လက်ဘနွန်နိုင်ငံတို့က အသီးသီးရပ်တည်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013