မြန်မာ-ထိုင်းနယ်စပ်ကနေ ကမ္ဘောဒီးယားနယ်စပ်သို့ ပြောင်းရွှေ့ပို့ဆောင်မယ့် အွန်လိုင်းလောင်းကစားမှာ အသုံးပြုတဲ့ ကွန်ပျူတာတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ဇူလိုင် ၁၄ ရက် ညပိုင်းမှာ ထိုင်းစစ်တပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးသိမ်းလိုက်ကြောင်း နယ်စပ်အခြေစိုက် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါပစ္စည်းတွေကို ကရင်ပြည်နယ်၊ မြ၀တီမြို့ဘက်မှ ထိုင်းနိုင်ငံဘက်ကို သောင်ရင်းမြစ်ကနေ လှေနဲ့ တင်ဆောင်ကူးသန်းလာရာ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ ထပ်ဆိုင်လွတ်ရပ်ကွက် ဝမ်းတခင်း ရပ်ကွက် ၇ မှာ ထိုင်းဒေသကွပ်ကဲရေးတပ်ဖွဲ့ တပ်ခွဲ ၄၃၁ က လုံခြုံရေးလှည့်ကင်း ပြုလုပ်နေစဉ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
စစ်ဆေးတွေ့ရှိတဲ့ ပစ္စည်းတွေထဲမှာ ကွန်ပျူတာ ၄ လုံး၊ ဘက်ထရီ ၂ ခုနဲ့ စားသောက်ဖွယ်ရာ ၇ ဖာ ပါဝင်ပြီး အွန်လိုင်းလောင်းကစားမှုနဲ့ သက်ဆိုင်တဲ့ပစ္စည်းတွေဖြစ်လို့ ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းခဲ့ပါတယ်။
တချိန်တည်းမှာပဲ မြန်မာ-ထိုင်းနယ်စပ် နေရာအသီးသီးကို အွန်လိုင်း လောင်းကစား ဆက်စပ်ပစ္စည်းတွေ ရောက်ရှိနေကြောင်း သတင်းရလို့ ထိုင်းစစ်တပ်၊ ရဲ၊ နယ်စပ်ရဲ၊ အခွန်ဌာန၊ အုပ်ချုပ်ရေးဌာနနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ကွင်းဆက်ကို ခြေရာခံပြီး လိုက်လံဖမ်းဆီးခဲ့ပါတယ်။
ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွေက မဲဆောက်မြို့၊ မယ်ပတိုက်နယ် ရပ်ကွက် ၆ စစ်ဆေးရေးဂိတ်မှာ ရှာဖွေစစ်ဆေးစဉ် အွန်လိုင်းလောင်းကစားရာမှာ အသုံးပြုတဲ့ CPU ၁၆ လုံး၊ ကွန်ပျူတာ ၂၇ လုံး၊ ဘက်ထရီ ၅ ခု ၊ စက်ပစ္စည်း ၁၁ ဖါ ၊ ဖုန်း ၄ လုံးနဲ့အတူ ကားတစီးကို ထပ်မံစစ်ဆေးတွေ့ရှိကာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
တရားမဝင် လောင်းကစားနဲ့ ဆက်နွှယ်ဖမ်းဆီးရမိတဲ့ ကားနဲ့ ကွန်ပျူတာပစ္စည်းတွေကို ထိုင်းနိုင်ငံရဲ့ တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
Source: Mae Sot Media