သူလျှိုလုပ်မှုတွေ ရပ်တန်းကရပ်ဖို့ ရုရှားကို ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နီက သတိပေးလိုက်ပါတယ်။
ရုရှားနွယ်ဖွားစုံတွဲကို ဩစတြေးလျမှာ သူလျှိုမှုနဲ့ ဖမ်းဆီးခဲ့မှုဟာ ရုရှားဆန့်ကျင်ရေး သံသယလွန်ကဲမှုတွေကို မီးထိုးပေးလိုက်တာသာဖြစ်တယ်လို့ ရုရှားဘက်က စွပ်စွဲခဲ့အပြီးမှာ ဝန်ကြီးချုပ်က အခုလို တုံ့ပြန်တာ ဖြစ်ပါတယ်။
ရုရှားနဲ့ ဩစတြေးလျ နှစ်နိုင်ငံခံယူထားတဲ့ ကီရာနဲ့ အီဂေါ ကိုရိုလက်ဗ် ဇနီးမောင်နှံဟာ ဩစတြေးလျ အမျိုးသားလုံခြုံရေးနဲ့ ဆက်စပ်တဲ့ကိစ္စတွေကို သိရှိရယူဖို့ ကြိုးစားခဲ့တဲ့အတွက် ဖမ်းဆီးခဲ့တယ်လို့ ဩစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ ဘာအချက်အလက်မှ ပါမသွားခဲ့ဘူးလို့လည်း ဆိုပါတယ်။ ဒါဟာ ရုရှားဆန့်ကျင်ရေး အားကောင်းအောင်နဲ့ အာဏာရ လေဘာပါတီရဲ့ မူဝါဒ ကျရှုံးမှုတွေကနေ အာရုံလွှဲတာသာ ဖြစ်တယ်လို့ ဩစတြေးလျဆိုင်ရာ ရုရှားသံရုံးက တုံ့ပြန်ပါတယ်။
ဝန်ကြီးချုပ် အယ်လ်ဘန်နီကတော့ ရုရှားကို ယုံကြည်စိတ်ချစရာ ဘာအကြောင်းမှမရှိဘူး၊ ဒီနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာဥပဒေကို မလေးစားတဲ့နိုင်ငံ ဖြစ်တဲ့အတွက် သူတို့ကိုလည်း မလေးစားဘူးလို့ ခပ်မာမာ တုံ့ပြန်ခဲ့ပါတယ်။
ယူကရိန်းကနေ ထွက်ဖို့၊ တရားမဝင် အကျင့်ယုတ်တဲ့ စစ်ပွဲကို ရပ်တန့်ဖို့အပြင် တခြား အချုပ်အခြာ အာဏာပိုင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ဝင်စွက်နေတာကိုလည်း ရပ်တန့်ဖို့ပါ ဝန်ကြီးချုပ်က တောင်းဆိုခဲ့ပါတယ်။
Source-Reuters