စပိန်အသင်းရဲ့ အနာဂတ်ကအရာ အားလုံးဖြစ်နိုင်တယ်လို့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်း ဗိုလ်စွဲသွားပြီးနောက် ကွင်းလယ်လူရိုဒရီက ပြောသွားပါတယ်။
စပိန်အသင်းမှာ လူငယ်ကစားသမားတွေဖြစ်တဲ့ လာမိန်းယာမဲလ်နဲ့ နီကိုဝီလီယံတို့ အထူးခြေစွမ်းပြသနိုင်ခဲ့ပြီး အနာဂတ်ပိုမို တောက်ပလာမယ့် ကစားသမားတွေ ဖြစ်တယ်လို့ ရိုဒရီက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ စပိန်အသင်းအနေနဲ့ နှိမ့်ချစိတ်ထားပြီး ကြိုးစားခဲ့ရကြောင်း၊ လက်ရှိ ခြေစွမ်းကို ကျေနပ်မနေဘဲ ဆက်ကြိုးစားမယ်ဆိုရင် စပိန်အသင်းရဲ့အနာဂတ်က ဘာမဆိုဖြစ်နိုင်ကြောင်း ရိုဒရီက ပြောပါတယ်။
စပိန်အသင်းဟာ ဒီမနက်အစောပိုင်း ကစားခဲ့တဲ့ ယူရို ၂၀၂၄ နောက်ဆုံးဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာဖြစ်ပြီး ရိုဒရီဟာ အခုနှစ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
စပိန်အသင်းဟာ အခုနှစ်ယူရိုမှာ အုပ်စုပွဲစဉ်ကနေ ဗိုလ်လုပွဲအထိ ကစားခဲ့မျှ ပွဲစဉ် ၇ ပွဲစလုံး အနိုင်ရခဲ့ပြီး ယူရိုချန်ပီယံဆုဖလားကိုလည်း အများဆုံးအဖြစ် ၄ ကြိမ်အထိ စံချိန်တင် ရယူနိုင်ခဲ့ပါတယ်။