Home
မြန်မာသတင်း
ကျောက်ဖြူတွင် မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး ခြေပြတ်၊ ကလေးမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ
DVB
·
July 14, 2024

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ် ထောင်ထားတဲ့မိုင်း နင်းမိလို့ ဒေသခံတယောက် ခြေထောက်တဖက်ပြတ်သွားပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတယောက် ပစ်သတ်ခံရပြီး တော်လှန်ရေးရဲဘော်တယောက်နဲ့ ပြည်သူတယောက်ကို စစ်တပ်က ပစ်သတ်ခဲ့ပါတယ်။

ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်မှာ ဇူလိုင် ၁၁ ရက်နေ့က စစ်ကောင်စီခန့် ရပ်ကွက် အုပ်ချုပ်ရေးမှူး တယောက်ကို မြို့တွင်းပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ခဲ့ပြီး အနီးဝန်းကျင်မှာ အရပ်ဝတ်နဲ့ ကင်းစောင့်နေတဲ့စစ်ကောင်စီက ပြန်လည်ပစ်ခတ်လို့ မြို့တွင်းပြောက်ကျားတပ်ဖွဲ့ဝင်(UG) တယောက် ကျဆုံးခဲ့ပြီး ဒေသခံတယောက်လည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေဘက်က ပြောပါတယ်။

စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတွမ်ခုတ်ဟာ ဇနီးဖြစ်သူနဲ့ ဈေးဝယ်ကအပြန် ဆင်ရွာလမ်းခွဲမှာ UG တပ်ဖွဲ့ဝင်တယောက်က လိုက်လံပစ်ခတ်ခဲ့တာဖြစ်ပြီး ဆင်ရွာလမ်းခွဲမှာ အရပ်ဝတ်နဲ့ ကားထဲ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားက UG ရဲ့နောက် လမ်း‌မပေါ်ကို လိုက်လံပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်းမှာ မြို့တွင်းပြောက်ကျားတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် အသက် ၅၀ ဝန်းကျင်အရွယ် ကြို့သုံးပင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတွမ်ခုတ် သေဆုံးခဲ့ပြီး စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင် အသက် ၄၀ ဝန်းကျင်အရွယ် တော်လှန်ရေးရဲဘော်တယောက်နဲ့ လမ်းသွားလမ်းလာ အသက် ၃၀ အရွယ် အမျိုးသားတယောက် သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို စစ်ကောင်စီက ကလေး ဒကစထဲက တပ်ဆေးရုံကို သယ်ဆောင်သွားပြီး ဇူလိုင် ၁၂ ရက်နေ့မှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ အလောင်းကို ပြန်ပေးခဲ့တယ်လို့ ကလေးမြို့ ဒေသခံတယောက်က ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီက ကလေးမြို့တွင်း နေရာအနှံ့အပြားမှာ လမ်းသွားလမ်းလာတွေနဲ့ ခရီးသွားကားတွေကိုတားဆီး စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကလေးမြို့ တော်လှန်ရေးအင်အားစုတွေဘက်ကို DVB က ဆက်သွယ်ခဲ့ရာမှာတော့ ဒီဖြစ်စဉ်ဟုတ်မှန်ကြောင်းနဲ့ ကျဆုံးသွားတဲ့ ရဲ‌ဘော်ရုပ်အလောင်း ပြန်မရရှိ‌ကြောင်း ဖြေကြားပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အောင်စေတီကျေးရွာနားက ဆည်ပတ်ဝင်းကျင်မှာ ဇူလိုင် ၁၂ ရက်နေ့ မနက် ၈ နာရီလောက်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းကိုနင်းမိပြီး ပြည်သူတယောက် ဘယ်ဘက်ခြေထောက်တဖက်ပြတ်ထွက်သွားကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ဖြူမြို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့သူဟာ ကျောက်ဖြူမြို့နယ် အောင်စေတီကျေးရွာက အသက် ၅၀ အရွယ် ဦးဝေမောင်သိန်းဖြစ်ပြီး အပေါင်းအသင်း ၆ ယောက်နဲ့အတူ ရွာနားကဆည်မှာ မှိုဟင်းသွားခူးတဲ့အချိန်မှာ မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက်တဖက် ပြတ်ထွက်သွားတာလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာလည်း ဒေသခံတယောက်ဟာ ဇူလိုင် ၁၁ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိလို့ ခြေထောက်တဖက်ပြတ်ပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အရပ်သားပြည်သူတွေအနေနဲ့ မိုင်းနဲ့ပတ်သက်လို့ ဗဟုသုတ၊ အသိပညာတွေကို သိရှိအောင်လုပ်ထားဖို့၊ စစ်ကောင်စီတပ်စခန်းတွေ၊ တပ်စခန်းပတ်ဝန်းကျင်တွေ၊ စစ်ကောင်စီတပ် ယာယီ စခန်းချခဲ့တဲ့နေရာတွေမှာ မိုင်းအန္တရာယ်သတိမမူဘဲ သွားလာတာ၊ သားကောင် ရှာဖွေတာ၊ ကျွဲနွားတွေ အစာကျွေးဖို့ စေလွှတ်တာတွေ လတ်တလောမှာ မလုပ်ကြဖို့နဲ့ မိုင်းသတိနဲ့ သွားလာနေထိုင်ကြဖို့ ဇူလိုင် ၁၃ ရက်နေ့မှာ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013