လုပ်ကြံမှုဘေးက လွတ်မြောက်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ပ်ကို အမေရိကန်သမ္မတ နေရာအတွက် ထောက်ခံအဆိုပြုကြောင်း တက်စလာစီအီးအို ဘီလျံနာ အယ်လွန်မက်စ်က ပထမဆုံးအကြိမ် တရားဝင်ထုတ်ပြန်ခဲ့ပြီး မာကျောတဲ့သူဖြစ်ကြောင်းပါ ချီးကျူးခဲ့ပါတယ်။
မက်စ်ဟာ အရင်က ဒီမိုကရက်တွေဘက်က ရပ်တည်ခဲ့သူဖြစ်ပြီး အရင်ရွေးကောက်ပွဲတွေမှာ ဟီလာရီကလင်တန်နဲ့ ဂျိုးဘိုင်ဒင်တို့ကို မဲပေးခဲ့သူ ဖြစ်ပါတယ်။
ပစ်ခတ်လုပ်ကြံခံခဲ့ရပြီး မျက်နှာမှာ သွေးသံရွှဲရွှဲနဲ့လက်သီးလက်မောင်းတန်းနေတဲ့ ထရမ့်ပ်ရဲ့ ဗီဒီယိုကို ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အယ်လွန်မက်စ်က သူ့လူမှုကွန်ရက် X မှာတင်ခဲ့ပြီး ထောက်ခံကြောင်းပါ ကြေညာသွားခဲ့တာပါ။
ဒါဟာ မက်စ်ရဲ့ လက်ယာယိမ်းနိုင်ငံရေးဘက်ကို ဦးတည်လာမှုကို ပြသလိုက်တာဖြစ်သလို နိုဝင်ဘာ ၅ ရွေးကောက်ပွဲအတွက် ထရမ့်ပ်ဘက်က အတိအလင်း ရပ်တည်လိုက်တာ ဖြစ်ပါတယ်။
“သမ္မတထရမ့်ပ်ကို ကျနော် အပြည့်အဝ ထောက်ခံ အဆိုပြုပါတယ်၊ အမြန်ပြန်သက်သာလာဖို့ မျှော်လင့်ပါတယ်” လို့ လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင်ကို ဝေဖန်မှုတွေလုပ်ခဲ့တဲ့ မက်စ်ဟာ ထရမ့်ပ် ပြန်လည်ရွေးကောက်ခံရရေး လှုပ်ရှားနေတဲ့ နိုင်ငံရေးအုပ်စုတွေကို လှူဒါန်းမှုတွေ လုပ်ထားတယ်လို့လည်း ဘလွန်းဘာ့ဂျ် သတင်းဌာနက ဖော်ပြပါတယ်။
လူဖြူတောင်အာဖရိကနွယ်ဖွား လုပ်ငန်းရှင်ကြီး မက်စ်ရဲ့ ထောက်ခံမှုဟာ ထရမ့်အပေါ် အကြီးအကျယ် သက်ရောက်နိုင်ပါတယ်။
သူဟာ သူ ဝယ်ထားတဲ့ လူမှုကွန်ရက် X မှာ ဖော်လိုဝါ ၁၈၉ သန်းကျော်ရှိပြီး သူ့အယူအဆ သဘောထားတွေကို နှစ်သက်လက်ခံသူလည်း အမြောက်အမြားရှိနေပါတယ်။
ဒါပေမဲ့ နောက်ပိုင်းကာလတွေမှာ မက်စ်ဟာ လက်ယာယိမ်းအမြင်တွေကို လက်ခံလာခဲ့ပြီး ဘိုင်ဒင်ရဲ့ ရွှေ့ပြောင်း အခြေချမှုဆိုင်ရာ မူဝါဒတွေကို ဝေဖန်ခဲ့သလို သူပိုင်တဲ့ တက်စ်လာနဲ့ SpaceX ကုမ္ပဏီတို့ကို ဒီမိုကရက်တွေက အရေးမထားတဲ့အပေါ်လည်း အတိအလင်း ဝေဖန်ခဲ့သူဖြစ်ပါတယ်။
Source-Reuters