ကာကွယ်ရေးဦးစီးချုပ်(ရေ)နဲ့ တွဲဖက်စစ်ထောက်ချုပ်နေရာကို ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်းနဲ့ ဗိုလ်ချုပ်အောင်စိုးမိုးတို့ကို စစ်ခေါင်းဆောင်က ဇူလိုင် ၁၂ ရက်မှာ ခန့်ခဲ့တယ်လို့ စစ်ရာထူးခန့်ရုံးကနေ သိရပါတယ်။
ဒု ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်ကို ဇူလိုင် ၁၀ ရက်က နုတ်ထွက်စာတင်ခိုင်းပြီး ဇူလိုင် ၁၁ ရက်မှာ စစ်ခုံရုံးဖွဲ့ စစ်ဆေးကာ ဇူလိုင် ၁၂ ရက်မှာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီးထိန်ဝင်းကို ခန့်လိုက်တာလို့ စစ်ရာထူးခန့်ရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
“ရေချုပ်ကို မဖြုတ်ချင်လို့ နုတ်ထွက်စာတင်ခိုင်းတာ။ နုတ်ထွက်စာတင်ပြီးရော စစ်ခုံရုံးမှာ တန်းစစ်ရော၊ ရေချုပ်နေရာကို နာမည်ထွက်နေသူ အများကြီးထဲက ဒုဗိုလ်ချုပ်ကြီးထိန်ဝင်းကို ခန့်တာ။ အစမ်းခန့်ကာလဆိုတော့ ဗိုလ်ချုပ်ကြီးရာထူးတော့ တိုးပေးမှာမဟုတ်ဘူး။”
စစ်ခုံရုံးမှာ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ်ဇော်လွင်ဦးကို ထောင်ဒဏ် ၁၀ နှစ်အမိန့်ချပြီးနောက် ဗိုလ်မှူးချုပ်အောင်စိုးမိုးကို ဗိုလ်ချုပ်အဆင့် ရာထူးတိုးပေးကာ တွဲဖက်စစ်ထောက်ချုပ်အဖြစ် ခန့်ခဲ့ပါတယ်။
စစ်ရာထူးခန့်ရုံးနဲ့နီးစပ်သူတဦးက “ဗိုလ်ချုပ်ဇော်လွင်ဦးကို ထောင်ဒဏ် ၁၀ နှစ်ချပြီး အိုးဘိုထောင်ကို ပို့တယ်။ NLD အစိုးရလက်ထက်က ရန်ကုန်တိုင်း ဒုတိုင်းမှူး တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ် အောင်စိုးမိုးကို ရာထူးတိုးပေးပြီး ခန့်လိုက်တယ်” လို့ပြောပါတယ်။
စစ်ခေါင်းဆောင်က ဒီလိုရာထူး အပြောင်းအလဲတွေ မကြာခဏလုပ်နေတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရပြီး စစ်တပ် ပြိုကွဲမယ့်အရေး မြင်နေတယ်လို့ အငြိမ်းစား အရာရှိကြီးတွေက သုံးသပ်ပါတယ်။