အိန္ဒိယနဲ့ အာရှမှာ အချမ်းသာဆုံးသူဌေးသားရဲ့ မင်္ဂလာပွဲကို ကမ္ဘာတလွှားက အနုပညာ ကြယ်ပွင့်တွေ၊ နိုင်ငံရေးနယ်ပယ်က ထင်ရှားသူတွေပါ တက်ရောက်ခဲ့ကြပါတယ်။
ဘီလီယံနာ မူကက်ရှ်အမ်ဘာနီရဲ့ အငယ်ဆုံးသား အာနန့်ရဲ့ ကြီးကျယ်ခမ်းနားလွန်းတဲ့ မင်္ဂလာပွဲဟာ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အကောင်း၊ အဆိုး ဝေဖန်ပြောဆိုစရာ အကြောင်းအရာ ဖြစ်နေပါတယ်။
အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ အာနန့်ဟာ သက်တူရွယ်တူဖြစ်တဲ့ ကာလရှည်ချစ်သူ ရာဒီကာ မားချန့် နဲ့ မင်္ဂလာပွဲကို ဇူလိုင် ၁၂ ရက်က စတင်ပြီး သုံးရက်ကြာ ကျင်းပနေတာပါ။
ဒီပွဲကို ကမ္ဘာတလွှားက ထင်ရှားတဲ့ ဆယ်လီဘရီတီတွေနဲ့ နိုင်ငံရေးသမားတွေ တက်ရောက် လာကြပါတယ်။
ကင်မ် ကာဒါရှီးယန်း၊ မိုက်တိုက်ဆန်၊ တိုနီဘလဲ စသဖြင့် အလွှာစုံက ထင်ရှားသူတွေ တွေ့ရပါတယ်။
အမ်ဘာနီဟာ ပါတီပွဲကြီးတွေ ကျင်းပတာနဲ့ ပတ်သက်လို့ထင်ရှားသူဖြစ်ပြီး အထူးသဖြင့် သူ့ကလေးသုံးယောက်နဲ့ ပတ်သက်လာရင် ပွဲအကြီးအကျယ် ကျင်းပလေ့ရှိပါတယ်။ ကမ္ဘာကျော် အနုပညာရှင်တွေနဲ့ ဘောလိဝုဒ်သရုပ်ဆောင်တွေကို ဒေါ်လာသန်းချီပေး ငှားရမ်းလေ့ရှိပါတယ်။
ဒီတခေါက် အငယ်ဆုံးသားရဲ့ ပွဲကတော့ အကြီးကျယ်ဆုံးဖြစ်အောင် လုပ်ထားမယ်လို့ ဆိုထားပါတယ်။
မင်္ဂလာပွဲ အခမ်းအနားတွေကို အစိုးရအဆင့် အခမ်းအနား တရပ်လိုမျိုး ကျင်းပတာကြောင့် မွမ်ဘိုင်း မြို့ရဲ့ စီးပွားရေး ခရိုင်အတွင်း ယာဉ်သွားလာမှုတွေပါ ကန့်သတ်ထားခဲ့တာကြောင့် အများပြည်သူရဲ့ ဝေဖန်မှုရင်ဆိုင်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့မတ်လကတည်းက မင်္ဂလာပွဲကြို (Pre Wedding) ပါတီကို ဧည့်သည် ၁၂၀၀ နဲ့ ကျင်းပခဲ့ပြီး ရီဟားနားလို နာမည်ကျော်တွေခေါ်ယူဖျော်ဖြေခဲ့ပါတယ်။ အဲဒီနောက် မေလမှာ ဇိမ်ခံသင်္ဘောကြီးနဲ့ ဥရောပမှာ လှည့်လည်ပြီး ဧည့်သည် ၈၀၀ ကို ဧည့်ခံခဲ့ပါတယ်။
Source-Reuters