မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ပျူစောထီးကျေးရွာတွေက ဒေသခံ ၁၀ ဦးဟာ ဇူလိုင် ၉ ရက်နဲ့ ၁၀ ရက်တွေမှာ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို လာရောက်ခိုလှုံကြတယ်လို့ သိရပါတယ်။
ပေါက်ပကဖ တာဝန်ခံတဦးက “သူတို့ရွာတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေရဲ့ ခြိမ်းခြောက်ဖိနှိပ်မှုတွေကို မခံနိုင်တော့တဲ့အတွက် ကလေးငယ် ၅ ဦး အပါအဝင် စုစုပေါင်း ၁၀ ဦးဟာ သူတို့ရွာတွေကနေ ထွက်ပြေးလာကြပြီး လာရောက်ခိုလှုံလာကြတာပါ” လို့ ပြောပါတယ်။
ထွက်ပြေးလာကြသူတွေဟာ ပေါက်မြို့နယ်ထဲက တရော်ကိုင်းနဲ့ ဇီးပြားကျေးရွာက ဒေသခံတွေလို့ သိရပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ အဲဒီပျူစောထီးကျေးရွာတွေရဲ့ အဝင်အထွက် လမ်းတွေကို ပိတ်ဆို့ထားတာ ၃ နှစ်နီးပါး ကြာမြင့်ပြီနေတာကြောင့် ရွာခံတွေအနေနဲ့ အစာရေစာ ရှားပါးလာသလို စစ်သားနဲ့ ပျူစောထီးတွေက ဆန်တွေလုယူသွားကြလို့ ရွာခံတွေမှာ ထမင်းတောင် နပ်မှန်အောင် မစားကြရဘူးလို့ မြိုင်ပကဖ တာဝန်ခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေရဲ့ လုပ်ရပ်တွေကို မခံနိုင်တော့တဲ့အတွက် ထွက်ပြေးလာကြတာဖြစ်ပြီး ထွက်ပြေးလာကြသူတွေကို ဘေးကင်းလုံခြုံတဲ့နေရာမှာ ကျန်းမာရေးစောင့်ရှောက်ပေးကာ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
မကွေးတိုင်းအတွင်းက ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲပြီး ရွာခံ ပျူစောထီးတွေနဲ့ ပူးပေါင်းနေထိုင်နေကြတဲ့ ပျူစောထီးကျေးရွာ ၁၀ ရွာနီးပါး ရှိတယ်လို့ ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။