Home
မြန်မာသတင်း
၃ နှစ်တာ တိုက်ပွဲအတွင်း CDF-KKG က ရဲဘော် ၄၀ ကျော်ကျဆုံး
DVB
·
July 10, 2024

ပြီးခဲ့တဲ့ ၃ နှစ်တာကာလ တိုက်ပွဲတွေအတွင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF-KKG) က ရဲဘော်အယောက် ၄၀ ကျော် ကျဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း အများအပြား ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တမူးမြို့နဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - Kalay Kabaw Gangaw က CDF KKG တပ်ဖွဲ့ဟာ တပ်ရင်းစတင်တည်ထောင်ခဲ့တာ ဇူလိုင် ၁ ရက်က ၃ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

CDF-KKG တပ်ဖွဲ့ဟာ တပ်ရင်းတည်ထောင်ချိန်ကစပြီး ၃ နှစ်တာကာလအတွင်း တိုက်ပွဲပေါင်း ၈၀ ကျော်‌ ဖော်ဆောင်နိုင်ခဲ့ကာ အဲဒီတိုက်ပွဲတွေအတွင်းမှာ ရဲဘော် ၄၀ ကျော် ကျဆုံးထားပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့တယ်လို့ ဆိုပါတယ်။

KKG ရဲဘော်တွေအနေနဲ့ အခု ၂၀၂၄ ခုနှစ် အစပိုင်း ဇန်နဝါရီလက ဖြစ်ပွားခဲ့တဲ့ သိုင်းငင်းစခန်းသိမ်းတိုက်ပွဲအတွင်းမှာ အများဆုံး ကျဆုံးခဲ့ကြရတယ်လို့ သိရပါတယ်။

CDF-KKG တပ်ဖွဲ့ဟာ စစ်အာဏာသိမ်းပြီး ၅ လအကြာ ၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်မှာ တပ်ရင်းကို စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ တပ်ရင်း တပ်ခွဲပေါင်း ၇ ခုအထိရှိကာ တပ်သားအင်အား ရဲဘော်နဲ့ ရဲမေ စုစုပေါင်း ၆၀၀ ကျော်နဲ့ တပ်ရင်းကို ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

တပ်ရင်းအနေနဲ့ တိုက်ပွဲတွင်း ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ရဲဘော်တွေကို ဆေးကုသမှုတွေနဲ့ ကူညီထောက်ပံ့မှုတွေ ပေးအပ်ပေမဲ့ ဘဏ္ဍာရေးအခက်အခဲတွေအရ ထိရောက်တဲ့ ကူညီမှုမျိုးကိုတော့ ပံ့ပိုးပေးနိုင်တာ မရှိသေးဘူးလို့ KKG တပ်ရင်း ၄ တာဝန်ခံ ဆလိုင်းလုန်ပီးက ပြောပါတယ်။

CDF-KKG တပ်ဖွဲ့ဟာ တခြားဒေသ ကာကွယ်ရေးတပ်‌ဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်ကျဆုံးတဲ့အထိ စစ်ရေးလှုပ်ရှားမှုတွေကို ဆက်လုပ်သွားမှာဖြစ်ပြီး လက်နက်ခဲယမ်း လိုအပ်နေတယ်လို့ တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လင်းအိမ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013