စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အနောက်မြောက်ပိုင်း လက်ပံချောင်းရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကြားကာလ ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၉ ရက် မနက် ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီက ကလေးမြို့ မြောက်ဘက် မော်လိုက်နဲ့ စခန်းကြီးရွာကြားက အထိုင်စခန်းကနေ လက်ပံချောင်းရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ လက်ပံချောင်းရွာမှာ ကြားကာလ ပညာသင်ကြားနေတဲ့ စာသင်ဝိုင်းရှိတဲ့ အနီးကို ကျရောက်ပေါက်ကွဲခဲ့ပြီး ၁၆ နှစ်အရွယ် ကျောင်းသားတဦးသေဆုံးကာ ယောကျာ်းလေး ၃ ဦးနဲ့ မိန်းကလေး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လက်ပံချောင်းရွာခံ အမျိုးသားတဦးက ပြောပါတယ်။
“ဖြစ်တာကတော့ မနေ့မနက် ၁၁ နာရီမှာ ဖြစ်တယ်ပေါ့နော်။ မိနစ် ၂၀ လောက်အတွင်းမှာကို လက်နက်ကြီးက ၅ လုံးလောက်ပစ်တယ်။ ၂ လုံးကတော့ လယ်ကွင်းထဲကျတယ်။ နောက်တလုံးကတော့ အရင်တုန်းက ဘော်ဒါဆောင် အဟောင်းပေါ် ကျတယ်ပေါ့နော်။ ဘော်ဒါဆောင်အဟောင်းကတော့ လူမနေတော့ဘူး။ ဒါပေမဲ့ အဲ့ဘော်ဒါဆောင်ဘေးအိမ်မှာ စာသင်နေတဲ့ ကလေး ၆ ယောက်ထိတယ်။ ၁၆ နှစ်အရွယ်ယောကျာ်းလေးကတော့ ဝမ်းဗိုက်နဲ့ အဆုတ်ထိပြီး ဒီမနက် (ဇူလိုင်၁၀ရက်) မှာပဲ ဆုံးသွားတယ်။ မိန်းကလေး ၂ ယောက်နှင့် ကျန် ယောကျာ်းလေး ၃ ယောက်ကတော့ ခြေထောက်၊ နားထင်နဲ့ တခြားနေရာတွေ ထိကြပေမဲ့ မစိုးရိမ်ရဘူး။”
ကလေးမြို့နယ်မှာ စစ်ကောင်စီ အထိုင်ချရာ တပ်စခန်းတွေကနေ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၂၉ ရက်ညကလည်း စစ်ကောင်စီလက်နက်ကြီးကြောင့် တင်သားရွာ အမှတ် ၄ ရပ်ကွက်က ဒေသခံ ၄ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့သေးတယ်လို့ တင်သားရွာခံတွေက ပြောပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း လူနေရပ်ကွက်တွေပေါ်ကို ဇူလိုင် ၁၀ ရက် မနက်ကစတင်ပြီး ညနေအထိ စစ်တပ်က လက်နက်ကြီး ဆက်တိုက်ပစ်နေတာကြောင့် ပြည်သူတဦး သေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မိုးကုတ်မြို့တွင်းက မင်းတံတားရပ်ကွက်၊ ဟပ်ဖလားရပ်ကွက်၊ အောင်နန်းရပ်ကွက်နဲ့ စည်ပင်သာယာရပ်ကွက်တွေပေါ် လက်နက်ကြီး ကျခဲ့တာလို့ မြို့ခံတဦးက ပြောပါတယ်။
“မင်းတံတားမှာကျတာက ဝက်ခြံနားကျလို့ သားအဖ ၂ ဦးထိတာ၊ သားက ဆေးကုနေတယ်၊ အဖေကတော့ သေပြီတဲ့၊ ကားနားကျလို့ ထိသွားတယ်ပြောတယ်၊ ခု သင်္ဂြိုဟ်ဖို့ စီစဥ်နေတယ်။”
မိုးကုတ်မြို့၊ စည်ပင်သာယာရပ်ကွက် လူနေအိမ်ပေါ် လက်နက်ကြီးကျတာကြောင့် ပြည်သူတဦး ဒဏ်ရာရခဲ့သလို ဟပ်ဖလားရပ်ကွက်ထဲ လက်နက်ကြီးကျတာကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
ရပ်ကွက်နေသူတဦးက “ဟပ်ဖလားကျတဲ့ဟာက အိမ်ကိုထိတာ၊ အစတွေ မြောက်တက်လာတာ မြင်ရတယ်၊ မီးခိုးလုံးတက်လာတာလည်း မြင်နေရတယ်” လို့ ပြောပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းမှာ ဇူလိုင် ၁၀ ရက်က တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ တဖက်သတ် ပစ်ခတ်တာကြောင့် လူနေအိမ်ပေါ် လက်နက်ကြီး ကျပေါက်ကွဲနေတာလို့ သိရပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် စစ်တပ်က မြို့အရှေ့ပိုင်း တောင်ပေါ်နဲ့ ဘုရားပေါ်တွေမှာ တပ်ဖြန့်ထားပြီး ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းပြုစုချက်အရ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇူလိုင် ၉ ရက်အထိ ၃နှစ်ကျော်ကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၅၃၇၂ ဦး သေဆုံးထားကြောင်း ဖော်ပြထားပါတယ်။