ပီရူး ရှေးဟောင်းသုတေသနပညာရှင်တွေဟာ ပီရူးနိုင်ငံမြောက်ပိုင်းမှာ နှစ်ပေါင်း ၄၀၀၀ သက်တမ်းရှိတဲ့ ဘုရားကျောင်းတကျောင်းရဲ့ အပျက်အစီးတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်းနဲ့ ဘာသာရေးဆိုင်ရာ ထုံးတမ်းအစဉ်အလာတွေ လုပ်ထားတဲ့ လူ့အရိုး အကြွင်းအကျန်တွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပညာရှင်တွေက ဇူလိုင် ၄ ရက်မှာ ပြောပါတယ်။
အပျက်အစီးတွေကို လီမာမြို့ မြောက်ဘက် ၇၈၀ ကီလိုမီတာအကွာလောက်မှ လမ်ဘာယက်ကေ ဒေသရဲ့ ဇာနာဇုန်ထဲရှိ သဲခုံတခုထဲမှာ ဖုံးကွယ် တည်ရှိနေတာလို့ ပုဂ္ဂလိက ကက်သလစ်တက္ကသိုလ်မှ ရှေးဟောင်းသုတေသန အဖွဲ့ခေါင်းဆောင် လူးဝစ်စ်မူရိုက ပြောပါတယ်။
အသီးအရွက်စိုက်ခင်းတွေ ဝန်းရံထားတဲ့ သဲခုံပေါ်မှာ မြေအုတ်တွေ အဆင့်ဆင့် တည်ပြီး တည်ဆောက်ထားတဲ့ ဘုရားကျောင်းရဲ့နံရံတွေနဲ့ အောက်ခြေအုတ်ခုံတွေကို ရှေးဟောင်းသုတေသန ပညာရှင်တွေက တွေ့ရှိခဲ့တာပါ။
ထုံးတမ်းစဉ်လာ ရိုးရာအခမ်းအနားတွေမှာ ယဇ်ပူဇော်ခံခဲ့ရတယ်လို့ ယူဆရတဲ့ အရွယ်ရောက်ပြီးသူ ၃ ဦးရဲ့ အရိုးအကြွင်းအကျန်တွေကိုလည်း တွေ့ရှိခဲ့ပါတယ်။
ဗိမာန်တော်ရဲ့ နံရံတခုအပေါ်မှာတော့ လူရုပ်ပုံသဏ္ဌာန်နဲ့ ငှက်တကောင်ရဲ့ ဦးခေါင်းပုံ ရုပ်ကြွပန်းချီပုံ ရှိပြီး အဲဒီပုံဟာ အဲဒီခေတ်က ဘာသာရေးယုံကြည်ချက်တွေမှ ဒဏ္ဍာရီလာပုံ တခုလည်း ဖြစ်ပါတယ်။
အဲဒီလက်ရာတွေဟာ နိုင်ငံရဲ့ အလယ်ပိုင်းကမ်းရိုးတန်းရှိ ဝေးလံခေါင်သီတဲ့ ချာဗင်န်ယဉ်ကျေးမှု မတိုင်ခင်ခေတ်က ဖြစ်ပါတယ်။
အဲဒီနေရာမှာပဲ နောက်ထပ်တူးဖော်မှုတခုမှာလည်း သူတို့ဟာ သဲထဲမြုပ်နေတဲ့ တခြားကျောင်းဗိမာန်တခုရဲ့ အကြွင်းအကျန်တွေကို ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီဗိမာန်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ လောက်အကြာက ပေါ်ထွက်ခဲ့တဲ့ မိုချီ ယဉ်ကျေးမှုနှောင်းပိုင်းလောက်က လက်ရာဖြစ်ကြောင်း သိရပါတယ်။
Source-Reuters