Home
မြန်မာသတင်း
လားရှိုးအသိမ်းခံရပါက ဝန်ကြီးချုပ်၊ ကစထမှူးနှင့် တိုင်းမှူးတို့ကို အနားပေးမည်ဟု ညွန်ကြား
DVB
·
July 6, 2024

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ အသိမ်းခံရရင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကထစမှူးနဲ့ တိုင်းမှူးတို့ကို တာဝန်ကနေ အနားပေးမယ်လို့ စစ်ခေါင်းဆောင်က ညွှန်ကြားထားကြောင်း စစ်ဘက်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

MNDAA နဲ့PDF အဖွဲ့တွေက တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ကိုပါ တိုက်ခိုက်လာချိန်မှာ စစ်ခေါင်းဆောင်က အခုလို ညွှန်ကြားလာတာလို့ စစ်ဘက်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

“တရားဝင်စာထုတ် ညွှန်ကြားတာမဟုတ်ပေမယ့် နှုတ်မိန့်နဲ့ညွန်ကြားတာ၊ လိုအပ်ရင် ကြိုက်တဲ့ လက်နက်တွေသုံးဖို့လည်း ပြောတယ်။ အရေးကြီးတာ လားရှိုးအသိမ်းမခံရဖို့ပဲ။ ဒီတခေါက်လားရှိုး အသိမ်းခံရရင် ၃ ဦးစလုံးနားပြီ။ ဝန်ကြီးချုပ်ကိုနားမယ်။ ဗိုလ်ချုပ် ၂ ယောက်ကို အရန်အင်အားပို့မယ်” လို့ ပြောပါတယ်။

အငြိမ်းစားအရာရှိတယောက်ကလည်း တိုက်ပွဲတွေမဖြစ်ခင်ကတည်းက ရှမ်းမြောက်ကို ထိုးစစ်ဆင်နိုင်ဖို့ ဘုရင့်နောင်စစ်ဆင်ရေးကို အကောင်အထည်ဖော်ခဲ့ပေမယ့် တိုက်ပွဲတွေဖြစ်လာချိန်မှာ အရာမရောက်လို့ ထပ်မံ သတိပေးတာဖြစ်တယ်လို့ ပြောပါတယ်။

“ပထမ ၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်းမြောက်မှာမြို့တွေအများကြီးသိမ်းခံရပေမယ့် ကာချုပ်မိန်းမနဲ့ ကစထမှူးမိန်းမက ရင်းနှီးနေတော့ ဒုဗိုလ်ချုပ်ကြီးအောင်အောင်ကို မဖြုတ်ဘဲ ဝန်ကြီးချုပ်နေရာ ပေးတယ်။ တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးကို ကစထမှူး ၂ ပေးလိုက်တယ်။ ကြားထဲက ငထွားခါးနာတာ အသစ်ရောက်လာတဲ့ ဗိုလ်ချုပ်စိုးတင့်” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်အနေနဲ့ ဝန်ကြီးချုပ် ဦးအောင်အောင်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း၊ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းနဲ့ဗျူဟာမှုး ဗိုလ်မှူးကြီး ၃ ယောက်ရဲ့ မိသားစုဝင်တွေကို နေပြည်တော်ကိုခေါ်ထားတာကလည်း အကျပ်ကိုင်တာ ဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာတယောက်က သုံးသပ်ပါတယ်။

အရှေမြောက်တိုင်းစစ်ဌာနချုပ်မှာ ပြည်သူ့စစ်သင်တန်း ၅ ကြိမ်ထက်မနည်းပေးခဲ့ပေမယ့် တိုက်ပွဲတွေဖြစ်လာချိန် ပြည်သူ့စစ်တွေက စစ်တပ်ဘက်က ကူမတိုက်လို့ လက်နက်တွေပြန်အပ်ဖို့ ဇွန်  ၂၆ ရက်က အမိန့်ထုတ်ထားရပါတယ်။

ရှမ်းမြောက်မှာ တိုက်ပွဲတွေထပ်မံဖြစ်လာမှာကြိုသိတဲ့ စစ်ခေါင်းဆောင်ဟာ မေ ၂၅ ရက်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် တိုင်းစစ်ဌာနချုပ် ၈ ခုကို တန်းပြည့်စစ်မှုထမ်းဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013