နှစ်ပေါင်းများစွာ နိုင်ငံရေးမငြိမ်မသက်ဖြစ်ခဲ့တဲ့ တိုင်းပြည်ကို ပြန်လည်တည်ဆောက်သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ်သစ် ကီယာစတာမာက ကတိပြုလိုက်ပါတယ်။
သူဦးဆောင်တဲ့ လေဘာပါတီက လွှတ်တော်မှာ သောင်ပြိုင်ကမ်းပြို အနိုင်ရခဲ့တာကြောင့် အင်အားကောင်းနေတာကို အသုံးချပြီး တိုင်းပြည်ကို ပြန်လည်တည်ဆောက်သွားမယ်လို့လည်း ပြောပါတယ်။
ဇူလိုင် ၅ ရက်က အမှတ် ၁၀ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်အိမ်တော်ရှေ့မှာ မိန်းခွန်းပြောကြားရာမှာ လှိုင်းလေထန်ခဲ့တဲ့ ကွန်ဆာဗေးတစ်ပါတီဦးဆောင်တဲ့ အစိုးရအုပ်ချုပ်မှု ၁၄ နှစ်အလွန်မှာ ပြန်လည် တည်ဆောက်ရေးဟာ စိန်ခေါ်မှုကြီးမားတယ်လို့ ဝန်ခံခဲ့ပါတယ်။
တိုးတက်မှုတွေလုပ်ဖို့ အချိန်ယူရမှာဖြစ်ပြီး ပထမဆုံးအနေနဲ့ နိုင်ငံရေးမှာ ယုံကြည်မှု ပြန်တည်ဆောက်ဖို့ လိုတယ်လို့ ဝန်ကြီးချုပ်သစ်က ကောက်ချက်ချပါတယ်။
လေဘာပါတီကို မဲပေးခဲ့တာဖြစ်ဖြစ်၊ မဲမပေးခဲ့တာဖြစ်ဖြစ်၊ ပွင့်ပွင့်လင်းလင်းပြောလိုတာက ဒီအစိုးရဟာ ခင်ဗျားတို့ အားလုံးအတွက် အမှုတော်ထမ်းသွားမယ်ဆိုတာပဲလို့ စတာမာက ညီညွတ်ရေး စကားဆိုခဲ့ပါတယ်။
နိုင်ငံရေးဆိုတာ ကောင်းတာလုပ်ဖို့ အင်အား တခုလည်းဖြစ်နိုင်ပြီး အဲဒီဟာကို သက်သေပြမယ်လို့ ဆိုပါတယ်။
ဒေါင်းနင်းလမ်းအိမ်တော်ကို ရောက်ရှိလာတဲ့ စတာမာကို သူ့အင်အားစုတွေနဲ့ ထောက်ခံသူတွေက စောင့်ကြိုပြီး ပွေ့ဖက်နှုတ်ဆက်ကြတဲ့မြင်ကွင်းစာ ၁၉၉၇ ခုနှစ်က လေဘာပါတီနိုင်ပြီး တိုနီဘလဲ ဝန်ကြီးချုပ် စဖြစ်စဉ်က မြင်ကွင်းကို အမှတ်ရစေခဲ့ပါတယ်။
Source-Reuters