ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်ရှိဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) လည်း ပါဝင် တိုက်ပွဲဝင်နေတယ်လို့ အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
၁၀ ရက်ကျော်ကြာရှိနေပြီဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာတော့ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေအကြား သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်စတဲ့ မြို့တွေမှာ တိုက်ပွဲတွေ ပြင်းထန် ဖြစ်ပွားနေတာပါ။
ဒီတိုက်ပွဲတွေထဲမှာ နွေဦးတော်လှန်ရေးမှာပေါ်ထွန်းလာတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF/ DPLA) ဟာ မဟာမိတ်တပ်တွေနဲ့အတူ ထဲထဲဝင်ဝင်ပါဝင် တိုက်ပွဲဝင်နေတယ်လို့ DPLF/ DPLA)ဥက္ကဋ္ဌက DVB ကို ပြောပါတယ်။
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်တပ်ဖွဲ့ဝင်တွေဟာ စစ်အာဏာရှင်ရဲ့ ဒေါက်တိုင်တပ်တွေကို တိုက်ခိုက်ခြေမှုန်းဖို့ စိတ်ဓာတ်တက်ကြွနေပြီး ရှမ်းမြောက်စစ်ဆင်ရေးကျော်လွန်ရင် ရှမ်းတောင်က ဓနုတွေနေထိုင်တဲ့ ဇာတိမြေကို ထိုးဖောက်ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်ဟာ အရင်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ တဖွဲ့ဖြစ်ပါတယ်။ အဲ့ဒီနောက် ၂၀၂၂ ခုနှစ် သြဂုတ် ၇ ရက်မှာတော့ ဓနုတမျိုးသားလုံးနဲ့ ဒေသတွင်း ညီနောင်တိုင်းရင်းတွေ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးကို အာမခံတဲ့ ဓနုပြည်နယ်တည်ဆောက်ရေးနဲ့ အမျိုးသား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးအတွက်ဆိုတဲ့ ဦးတည်ချက်နဲ့ (DPLF/ DPLA)အဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့တာပါ။
လက်ရှိတိုက်ပွဲဝင်နေတဲ့ (DPLF/ DPLA) အနေနဲ့ ဓနုတွေအများဆုံးနေထိုင်တဲ့ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲဖို့ ရှိနေပါတယ်။
ခွန်ဇော်ဦး