ဂွါတီမာလာနယ်စပ်နဲ့ ထိစပ်နေတဲ့ မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှာ ထရပ်ကားတစီးရဲ့ အနောက်ဘက်ထဲမှာ စုပုံထည့်ထားတဲ့ လူ ၁၉ ဦးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရကြောင်း ဒေသဆိုင်ရာ အစိုးရရှေ့နေရုံးက ဇူလိုင်လ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
အဲဒီအလောင်းတွေထဲမှာ ဂွါတီမာလာရာဇ၀တ်ဂိုဏ်းနဲ့ မက္ကဆီကိုရဲ့ အင်အားကြီး ဆီနာလိုအာဂိုဏ်းတို့အကြား သေနတ်ပစ်ခတ်မှုနဲ့ ဆက်စပ်နေတယ်လို့ စွပ်စွဲခံရသူတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
ဂွါတီမာလာနဲ့ ထိစပ်နေတဲ့ မက္ကဆီကိုနိုင်ငံတောင်ပိုင်း နယ်စပ်ရဲ့ မြောက်ဘက် လာကွန်ကော်ဒီယာမြို့အနီးမှာ အလောင်းတွေကို ဆိုးဆိုးရွားရွား တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အစိုးရရှေ့နေရဲ့ ပြောကြားချက်အရ အမျိုးသား ၅ ဦးမှာ သေနတ်ဒဏ်ရာတွေ တွေ့ရှိရပြီး သူတို့အားလုံးဟာ အနက်ရောင်အဝတ်အစား၊ ကျည်ကာအင်္ကျီတွေအပြင် သေနတ်ကျည်ကပ်တွေလည်း ဝတ်ဆင်ထားကြောင်းနဲ့ သူတို့အားလုံးကို ကုန်တင်ကား အနောက်ဘက်မှာ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
ချီယာပါစ်ရှိ ဂွါတီမာလာကောင်စစ်ဝန်ရုံးဟာ သေဆုံးသူတချို့ကို ဖော်ထုတ်ဖို့ လုပ်ဆောင်နေပြီ ဖြစ်ပြီး အလောင်း ၄ လောင်းကနေ ၇ လောင်းဟာ ဂွါတီမာလာလူမျိုးတွေလို့ ယူဆကြောင်း ဗဟိုအမေရိကနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထောက်တွေကို ပြောပါတယ်။
ဝန်ကြီးဌာနက ချီယာပါစ် အစိုးရရှေ့နေရုံးနဲ့ မပြတ်ဆက်သွယ်နေပြီး သေဆုံးသူအားလုံးကိုလည်း ဘာလူမျိုးတွေ ဖြစ်တယ်ဆိုတာ ဆုံးဖြတ်ဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
မက္ကဆီကိုသမ္မတ အန်ဒရေးစ် မန်နူယယ် လိုပက်ဇ် အိုဘရာဒေါကတော့ ဂွါတီမာလာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ချီယာပါစ်ပြည်နယ်မှာ ကံမကောင်း အကြောင်းမလှတဲ့ ထိပ်တိုက်တွေ့မှုတခု ဖြစ်ပွားခဲ့တာ လို့ ဇူလိုင် ၂ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီအဖွဲ့နှစ်ဖွဲ့က အချိန်အတော်ကြာ ထိပ်တိုက်တွေ့နေကြတာ ဖြစ်ပြီး သေဆုံးသူတွေထဲမှာ မက္ကဆီကိုနဲ့ ဂွါတီမာလန် နိုင်ငံသားတွေ ပါ၀င်တယ်လို့ ဆိုပါတယ်။
အဲဒီအဖွဲ့တွေကလည်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ကုန်ကူးတာ၊ တနည်းအားဖြင့် လူမှောင်ခိုကူးတာတွေ လုပ်ဆောင်ကြတာလို့လည်း ပြောပါတယ်။
သူ့အစိုးရကတော့ ဒေသခံလူထုကို အကာအကွယ်တွေ ဆက်ပေးသွားမယ်လို့လည်း ဆိုပါတယ်။ လတ်တလောနှစ်ပိုင်းတွေမှာ ချီယာပါစ်ပြည်နယ်ဟာ မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုကူးမှုတွေ အပါအဝင် ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်နွှယ်တယ်လို့ ယူဆရတဲ့ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေမှာ အခရာကျလာခဲ့ပါတယ်။
Source-Reuters