Home
နိုင်ငံတကာ
အိန္ဒိယတွင် ဟိန္ဒူဘာသာရေးပွဲတော်အတွင်း လူအုပ်တိုးမိနင်းမိပြီး လူ ၁၀၀ ကျော်သေဆုံး
DVB
·
July 3, 2024
Photo - REUTERS/ Stringer

အိန္ဒိယနိုင်ငံရဲ့ လူဦးရေအများဆုံးပြည်နယ်ဖြစ်တဲ့ အူတာပရာဒေ့ရှ်ပြည်နယ်မှာ ကျင်းပတဲ့ ဟိန္ဒူဘာသာရေးစုဝေးပွဲ တခုမှာ ဇူလိုင် ၂ ရက်က လူအုပ်အစုလိုက်ပြုံတိုးမိ နင်းမိလို့  ၁၁၆ ဦးထက်မနည်း သေဆုံးသွားကြောင်းနဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ရရှိထားတဲ့ အချက်အလက်တွေအရ သေဆုံးသူ ၁၁၆ ဦးနဲ့ ဒဏ်ရာရသူ ၁၈ ဦးရှိတယ်လို့ အတည်ပြုထားကြောင်း အာ့လီဂါမြို့ ကော်မရှင်နာချိုင်ထရာဗွီက ပြောပါတယ်။ 

ဒဏ်ရာရရှိသူ အများအပြားကို ဆေးရုံအသီးသီးမှာ ကုသနေရတာကြောင့် သေဆုံးသူဦးရေ ပိုမိုမြင့်တက်လာမှာကို စိုးရိမ်ရပြီး တချို့ကလည်း အခြေအနေ ဆိုးရွားကြကြောင်း သိရပါတယ်။

မြို့တော် နယူးဒေလီရဲ့အရှေ့တောင်ဘက် ကီလိုမီတာ ၂၀၀ လောက်အကွာရှိ အူတာပရာဒေ့ရှ် ပြည်နယ်မှ ဟက်သရာစ်ကျေးရွာမှာ ဘာသာရေးပွဲတော် ကျင်းပနေတာဖြစ်ပြီး ၂ နာရီကြာ အခမ်းအနားပြီးချိန်မှာ စင်မြင့်ပေါ်မှ ဆင်းလာတဲ့ ဘုန်းကြီးတပါးကို သူ့ခြေဖဝါးကိုထိကာ ဆုမွန်ကောင်းတောင်းဖို့အတွက် စင်မြင့်ဆီကို ပြေးလာကြရင်းက ရုတ်တရက် ပရမ်းပတာ ဖြစ်သွားပြီး လူအုပ်ကြီး တွန်းထိုးစုဝေးကြရာကနေ လူအုပ်တိုးမိပိမိကြတာလို့ အူတာပရာဒေ့ရှ် ပြည်နယ်၀န်ကြီးချုပ် ယိုဂီအဒစ်တျာနသ်က ပြောပါတယ်။

သေဆုံးသူတွေထဲမှာ အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်ကြပြီး သူတို့ဟာ မြေကြီးအစိုပေါ်  ချော်လဲပြီး လမ်းဘေးရှိ မြောင်းထဲကို လူတွေ တယောက်ပေါ် တယောက် ထပ်ပြီး ပြုတ်ကျလာလို့ သေဆုံးသွားရတာလို့  PTI သတင်းမှာ ဖော်ပြပါတယ်။ 

ဒီဘာသာရေးပွဲတော်အတွက် ရဲတပ်ဖွဲ့က လူ ၈၀၀၀၀ အထိ စုဝေးခွင့်ပေးထားပြီးဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ကြည့်ရှုခွင့်ရတဲ့ ရဲမှတ်တမ်းအရ သိရပါတယ်။ ဒါပေမဲ့ ပဏာမအစီရင်ခံချက်တွေ အရ လူအုပ်ကြီးကို စီမံခန့်ခွဲဖို့ ရဲတပ်ဖွဲ့ဝင် ၄၀ သာ ချထားခဲ့တယ်လို့ ဆိုပါတယ်။ 

ဇူလိုင် ၂ ရက် ညနေပိုင်း ပွဲတော်မှာ လူပေါင်း ၂ သိန်းခွဲလောက် စုဝေးခဲ့ပြီး အာဏာပိုင်တွေက ခွင့်ပြုထားတဲ့ ပမာဏထက် ၃ ဆ ပိုများခဲ့တယ်လို့ ဟက်သရာစ်ခရိုင် အုပ်ချုပ်ရေးမှူး အက်ရှစ်ရှ် ကူးမား က သတင်းထောက်တွေကို ပြောပါတယ်။

ဘာသာရေးပွဲတော်တွေနဲ့ ဘုရားဖူး နေရာတွေမှာ လူအုပ်ပိမိတာနဲ့ တခြား မတော်တဆမှုတွေလည်း အရင်က ဖြစ်ခဲ့ဖူးပြီး လူစုလူဝေး စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းအပေါ် မကြာခဏ အပြစ်တင်ကြလေ့ရှိပါတယ်။

မီဒီယာတွေရဲ့ ဖော်ပြချက်မှာတော့ ဘာသာရေးစည်းဝေးပွဲ ကျင်းပရာနေရာမှာ လုံလောက်တဲ့ အစီအစဥ်တွေ ချမှတ်ဖို့ကို နယ်မြေခံ အုပ်ချုပ်ရေးနဲ့ ရဲတပ်ဖွဲ့ဘက်မှ မျက်နှာလွှဲခဲပစ် လုပ်ထားလို့ လူအုပ်တိုးမိပြီး သေဆုံးမှု ဖြစ်ရတာလို့ သတင်းတွေမှာဖော်ပြ ပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013