ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒန်ညက်စ်ဒေသက ယူကရိန်းတွေ အခြေချနေထိုင်ရာ နယ်မြေကို သိမ်းယူခဲ့တယ်လို့ ရုရှားက စနေနေ့မှာ ပြောခဲ့အပြီး ယူကရိန်းကလည်း ရှေ့တန်းမှာ ရုရှားတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲပေါင်း ၉၀ လောက် ရင်ဆိုင်တိုက်ခိုက်ခဲ့တယ်လို့ အဲဒီနေ့မှာပဲ ပြောပါတယ်။
ရုရှားစစ်တပ်က ယူကရိန်းတွေရဲ့ တိုက်ခိုက်မှု အများအပြားကို ချေမှုန်းခဲ့ပြီး ခါခိဗ်၊ ဒန်ညက်စ်ခ်၊ ဇာပိုရိုဇာ၊ ခါဆွန်နဲ့ တခြားလမ်းကြောင်းတွေမှာ ထိုးစစ်တွေ စခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီအတောအတွင်း ရုရှားလေကြောင်းကာကွယ်ရေးတပ်ဖွဲ့တွေက ယူကရိန်းလေတပ်ရဲ့ MiG-29 တိုက်လေယာဉ်တစင်းကို ပစ်ချပြီး HIMARS ဒုံးကျည် ၁၀ စင်းကို ကြားဖြတ် ပစ်ချခဲ့တယ်လို့ CCTV သတင်းဌာနက ထုတ်ပြန်ပါတယ်။
အဲဒီနေ့မှာပဲ ယူကရိန်းတပ်ဖွဲ့တွေဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရှေ့တန်းမှာ တိုက်ပွဲပေါင်း ၉၀ လောက်ကို တိုက်ခဲ့ပြီး ပေါ့ခ်ရို့ဗ်စ်ခ်နဲ့ ခါခိဗ် လမ်းကြောင်းတွေမှာ တိုက်ပွဲ အပြင်းထန်ဆုံး ဖြစ်တယ်၊ ရုရှားရဲ့ တိုက်ခိုက်မှုအများအပြားကို ချေမှုန်းခဲ့တယ်လို့ ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်က ပြောခဲ့ပါတယ်။
ရုရှားနယ်စပ်ဒေသတွေကို လျှပ်တပြက် တိုက်ခိုက်တာတွေဟာ အသက်အန္တရာယ်တွေကို ကာကွယ်ရာမှာ အထောက်အကူရတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဇွန် ၃၀ ရက်မှာ ပြောပါတယ်။
“ဒီဗုံးတွေကို ရုရှား တိုက်ခိုက်ရေးလေယာဉ်တွေက ကြဲချတာနဲ့ ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းဖို့ ကမ္ဘာကြီးက ကျနော်တို့ကို မြန်မြန် ကူညီလေလေ၊ ကျနော်တို့က ရုရှားရဲ့ စစ်ဘက်အခြေခံအဆောက်အဦတွေ၊ စစ်လေယာဉ်ကွင်းတွေကို မျှမျှတတ မြန်မြန် ပြန်တိုက်နိုင်လေလေ၊ ကျနော်တို့က ငြိမ်းချမ်းရေးနဲ့ နီးလေလေပဲ” လို့ ဇလန်းစကီးက ညစဉ်ပြောတဲ့ ရုပ်သံမိန့်ခွန်းအတွင်း ပြောပါတယ်။
တနင်္ဂနွေနေ့ အစောပိုင်းက ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါခိဗ်မြို့လယ်ကို ရုရှားတပ်ဖွဲ့တွေက ပဲ့ထိန်းဗုံးတွေနဲ့ တိုက်ခိုက်ခဲ့လို့ လူတဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
အဆောက်အအုံတွေနဲ့ မော်တော်ယာဉ်တွေ မီးလောင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
ရုရှားနယ်စပ်ကနေ ၁၈ မိုင်အကွာမှာရှိတဲ့ ခါခိဗ်မြို့ဟာ စစ်ပွဲအတွင်း ရုရှားက မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ခံရပေမဲ့ ရုရှားအစိုးရရဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ကျူးကျော်မှုအစောပိုင်း အဆင့်မှာ ရုရှားလက်ကနေ လွတ်မြောက်ခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ခုတော့ ချေမှုန်းရေးမှာ ပဲ့ထိန်းဗုံးတွေကို ပိုအားကိုးလာကြပါတယ်။ ရုရှားတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့လက ခါခိဗ်ဒေသကို နယ်စပ်ဖြတ်ကျော် ကျူးကျော်ဝင်ရောက်ခဲ့ပြီး ရွာအများအပြားကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့ ယူကရိန်း တာဝန်ရှိသူတွေက နယ်စပ်အနားမှာ အခြေအနေတွေ တည်ငြိမ်သွားပြီလို့ ပြောခဲ့ပါတယ်။
Source-Reuters