ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းရဲ့ တော်လှန်ရေးအတွက် အနုပညာလက်နက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇွန် ၃၀ ရက်က ကျင်းပခဲ့တဲ့ ရန်ပုံငွေရှာပွဲကို ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ ကွန်မြူနတီ စင်တာမှာ ကျင်းပရာ ဂျပန်ရောက် မြန်မာတွေ ရုံအပြည့် လာရောက်အားပေးခဲ့ကြပါတယ်။
ဂျပန်မှာရှိတဲ့ သူ့ပရိသတ်တွေထဲက ရင်ဘတ်ချင်းတူတဲ့ တော်လှန်ရေးထောက်ပို့သူတွေကိုသာ လာရောက်ဖျော်ဖြေတာ ဖြစ်ကြောင်းနဲ့ အိုဆာကာပွဲကို ကျေနပ်အားရပြီး ရရှိတဲ့ အကျိုးအမြတ်အားလုံးကို နွေဦးတော်လှန်ရေးအတွက် လှူဒါန်းသွားမယ်လို့ မင်းမော်ကွန်းက ပြောပါတယ်။
အဆိုပါပွဲကို အိုဆာကာမြို့အပြင် နဂိုယာ၊ ကျိုတို၊ နရနဲ့ ကိုဘေးမြို့တွေမှာ နေထိုင်တဲ့ မြန်မာပြည်သားတွေလည်း လာရောက်ခဲ့ကြပြီး ရုံအပြည့် အားပေးခဲ့ကြပါတယ်။
ဒီပွဲမှာ မင်းမော်ကွန်း ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကားကိုလည်း လေလံတင်ခဲ့ရာ ဂျပန် ယန်းငွေ ၆ သိန်းခွဲ ရရှိခဲ့ပါတယ်။
မင်းမော်ကွန်းဟာ ဂျပန်မှာ ရောက်ရှိနေစဉ်အတွင်း တော်လှန်ရေးအတွက် အနုပညာလက်နက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဂွန်းမမြို့မှာ ဇူလိုင် ၇ ရက်၊ ကျူးရှူးမှာ ဇူလိုင် ၁၃ ရက်နဲ့ တိုကျိုမြို့မှာ ဇူလိုင် ၁၄ ရက်နေ့တွေ ဖျော်ဖြေပွဲတွေ ဆက်လက် ကျင်းပဖို့ စီစဉ်ထားပါတယ်။