ရန်ကုန်မြို့မှာ ဓာတ်အားစနစ်ချို့ယွင်းတာကို ပြုပြင်နိုင်ဖို့ ယာယီလျှပ်စစ်မီးပြတ်တောက်မယ်လို့ ရန်ကုန်လျှပ်စစ်ကော်ပိုရေးရှင်း (YESC)ရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
အရေးပေါ် ဝန်အားလျှော့ ထိန်းညှိတာတွေ ဆောင်ရွက်နေတဲ့အပေါ် ရန်ကုန်မြို့က စက်မှုဇုန်နဲ့ ပြည်သူတွေအနေနဲ့ လက်ရှိသုံးစွဲဝန်အားထက် လျှော့ချပြီး ဓာတ်အားဖြန့်ဖြူးနေရတာကြောင့် အခု ရက်ပိုင်းအတွင်း လျှပ်စစ်မီးယာယီပြတ်တောက်မယ်လို့ YESC ကလျှပ်စစ်မန်နေဂျာတယောက်က ပြောပါတယ်။
“ဓာတ်အားချို့ယွင်းခဲ့တာက ပြီးခဲ့တဲ့ ၂၆ ရက်နေ့ ညပိုင်းလောက်ကပါ။ လတ်တလော အချိန်ပိုင်းနဲ့ ဝန်အားထိန်းညှိပြီး ပေးရမှာ။ လိုင်းအပြစ်ဖြစ်တာကလည်း ကျောက်မဲနဲ့ နောင်ချိုကြားမှာဆိုတော့ လက်ရှိ အဲ့ဒီဘက်မှာတိုက်ပွဲလည်းပြင်းထန်နေလို့ ဘယ်လိုပြုပြင်ကြမလဲ စီစဉ်နေကြပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၆ရက် ည ၈ နာရီဝန်းကျင်က 230 kV မန်စံ - ရွှေစာရံလိုင်းမှာ အမြဲတမ်းအပြစ် (permanent fault) ဖြစ်လို့ တနိုင်ငံလုံး ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်ခဲ့ကြောင်းနဲ့ နိုင်ငံတော် ဓာတ်အားပေးစနစ်အတွင်းကို ရွှေလီဓာတ်အားပေးစက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပို့လွှတ်နိုင်မှု ၄၀၀ မဂ္ဂါဝပ်လောက် (တနေ့ကို လျှပ်စစ်ပမာဏယူနစ် ၉.၅ သန်းလောက်) လျော့နည်းရရှိခဲ့တယ်လို့ YESC က အသိပေးထုတ်ပြန်ထားတာပါ။
ဒါ့အပြင် လိုင်းအပြစ်ဖြစ်ပေါ်ခဲ့လို့ ရန်ကုန်မြို့ပေါ်က မြို့နယ်တော်တော်များမှာ အခုရက်ပိုင်းအတွင်း တစ်နေ့ကို ၄ နာရီထက်မနည်း လျှပ်စစ်မီးပြတ်တောက်နေကြောင်းနဲ့ တချို့မြို့နယ်တွေမှာ ညပိုင်း အချိန်ကြာ လျှပ်စစ်မီးပြတ်တောက်နေတယ်လို ရွှေပေါက်ကံ မြို့သစ်နေသူတယောက်က ပြောပါတယ်။
“မီးကလည်း ဘယ်လိုစနစ်တွေနဲ့ပေးနေလဲ မသိတော့ပါဘူး။ အခုဟာက မီးကိုစောင့်ပြီး ချက်ပြုတ်နေရတာ။ နွေရာသီတုန်းကလည်း တောက်လျှောက်မီးပြတ်ခဲ့တာ။ ည ၁၂ နာရီမီးလာရင် အိပ်ရေးအပျက်ခံပြီး ထချက်နေရတယ်။ အိမ်မှာက ကျောင်းသားတွေရော အလုပ်သွားမယ့်သူတွေရော ရှိတော့ အခက်ခဲဖြစ်တာပေါ့” လို့ ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အရှေ့ဒဂုံ ဓာတ်အားခွဲရုံမှာ ဒီနေ့ ဇွန် ၂၉ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ Operation Function Test လုပ်ငန်းဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ လုပ်ငန်း ဆောင်ရွက်နေတုန်း ဒဂုံမြို့သစ်(မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း)မြို့နယ်၊ ရွှေပေါက္ကံမြို့နယ်နဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့မှာ ယာယီဓာတ်အားဖြတ်တောက်ထားတယ်လို့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း YESC ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။