တကျော့ပြန် ရှမ်းမြောက်တိုက်ပွဲမှာ ပြည်သူ့စစ်တွေက စစ်ကောင်စီဘက်က ဝိုင်းကူမတိုက်တာကြောင့် ပေးထားတဲ့လက်နက်တွေ ပြန်သိမ်းဖို့ စစ်ခေါင်းဆောင်က ဇွန် ၂၈ ရက်မှာ ညွှန်ကြားခဲ့တယ်လို့ လားရှိုးတပ်နယ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
လားရှိုးတပ်နယ်မှာ အခုနှစ် ဇန်နဝါရီလ ၁ ရက်က စလို့ ပြည်သူ့စစ်သင်တန်း ၄ ကြိမ်အထိ ပေးခဲ့ပေမယ့် တိုက်ပွဲဖြစ်လာချိန်မှာ ပြည်သူ့စစ်တွေက စစ်တပ်နဲ့ပူးပေါင်းပါဝင်တိုက်ခိုက်ခြင်း မရှိတာကြောင့် အခုလိုညွှန်ကြားတာဖြစ်တယ်လို့ လားရှိုးတပ်နယ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ပြည်သူ့စစ်သင်တန်းပေးတုန်းက တက်တဲ့သူများလို့ တချို့ မပါလို့တောင် ပြဿနာတွေတက်တယ်။ အဲတုန်းက တက်မှာပေါ့။ တယောက်ကို ၁ သိန်းခွဲပေး၊ ရိက္ခာလည်း လစဉ် ထောက်ပံ့တာ၊ အခု တိုက်ပွဲဖြစ်တဲ့အချိန် ခေါ်လို့ မရဘူး။ အချို့ဆို ဖုန်းစက်ပိတ်ထားတယ်။ အချို့က နေတဲ့နေရာပါ ပြောင်းသွားတယ်” လို့ ပြောပါတယ်။
လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ ပြည်သူ့စစ်သင်တန်းပေးတဲ့အချိန် သင်တန်းတက်ခဲ့တာဟာ စစ်တပ်က ငွေကြေးနဲ့စားနပ်ရိက္ခာ ထောက်ပံ့တာကြောင့်ဖြစ်တယ်လို့ ပြည်သူ့စစ် အဖွဲ့ဝင်တယောက်က ပြောပါတယ်။
“သူတို့က စစ်မတိုက်ရဘူး။ မြို့ကို ကာကွယ်ဖို့၊ ဖွံ့ဖြိုးရေးတွေ လုပ်ဖို့ဆိုပြီး သင်တန်းတက်ခိုင်းတာ။ ကျောက်မဲမှာ တိုက်ပွဲဖြစ်တော့ သင်တန်းနည်းပြက လက်နက်ချပြီး အလင်းဝင်လိုက်တော့ ကိုယ်တွေသွားလည်း သေမှာပဲဆိုပြီး ဘယ်သူမှစစ်တပ်ဘက်က ဝင်မတိုက်တော့တာ။ လက်နက်တွေပြန်အပ်တဲ့သူတွေလည်းရှိတယ်” လို့ ပြောပါတယ်။
တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးမှာ ကျောက်မဲ၊ နောင်ချို၊ သီပေါမြို့နယ်တို့က ပြည်သူ့စစ်တွေဟာ စစ်ကောင်စီနဲ့ပူးပေါင်း တိုက်ခိုက်သူနည်းပြီး တချို့က လက်နက်ပြန်အပ်၊ တချို့က ထွက်ပြေးသူတွေရှိတယ်လို့ ပြည်သူ့စစ်အဖွဲ့ဝင်တွေဆီက သိရပါတယ်။