ပီရူးနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်အနီး အာရေကိပါ နယ်မြေမှာ ဇွန် ၂၈ ရက်က ရစ်ချ်တာစကေး ၇ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် လူသေဆုံးမှု မရှိခဲ့ပေမဲ့ လူ ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ကျောက်တုံးတွေ ပြိုကျမှုကြောင့် လမ်းတွေပိတ်ဆို့သွားခဲ့ရကြောင်း တာဝန်ရှိသူတွေက ဇွန် ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံသားတွေကို ထောက်ပံ့ပေးဖို့ အကူအညီပေးရေး ပစ္စည်းထုပ်တွေကို တင်ဆောင်ထားတဲ့ လေယာဉ်တွေလည်း ဇွန် ၂၈ ရက်မှာပဲ ငလျင်ဒဏ်သင့် အာရေကိပါဒေသကို ဆိုက်ရောက် လာပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကို အနီးနားရှိ ဆေးရုံတွေမှာ ကုသထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ငလျင်ကြီးလှုပ်ခတ်ပြီးနောက်မှာ ပြင်းအား ၄ မှ ၄ ဒသမ ၆ ရှိတဲ့ နောက်ဆက်တွဲငလျင် ၄ ခု လှုပ်ခတ်ခဲ့ပြီး ဒေသတွင်း လမ်းတွေပေါ်မှာ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဝန်ကြီးချုပ် ဂူစတာဗို အက်ဒရီယန်ဇန်ဟာ ပျက်စီးမှုအတိုင်းအတာကို အကဲဖြတ်ဖို့ ယောက်ကာမြို့ ကို သွားရောက်ခဲ့ပါတယ်။
ယောက်ကာမြို့မှာ ပမ်ပါ ရီဒွန်ဒါ ဧရိယာရှိ တောင်ပိုင်း ပန်-အမေရိက အဝေးပြေးလမ်းမကြီးမှာ မြေပြိုမှုအနည်းငယ် ရှိပါတယ်။
ယောက်ကာမြို့နဲ့ ကမ်းရိုးတန်းအနီးရှိ တခြားမြို့တွေမှာ အသေးစား ရွှေထုတ်လုပ်ရေး လုပ်ကိုင် နေကြပေမယ့် အခုထိ ငလျင်ရဲ့သက်ရောက်မှုတွေ ရှိ မရှိ သတင်းမရသေးပါဘူး။
Source-Reuters