“အသီးတို့ရဲ့ ဘုရင်” လို့ တင်စားကြတဲ့ ဒူးရင်းသီးကို ထိုင်းကနေ တရုတ်နိုင်ငံကို တင်ပို့မှုဟာ စံချိန်တင်မြင့် တက်လာတာကြောင့် ဒေါ်လာဘီလျံချီ တန်ကြေးရှိလာပြီး ထိုင်းဒူးရင်းစိုက်တောင်သူ တွေ ဝင်ငွေကောင်းနေတယ်လို့ တရုတ် CCTV သတင်းက ဖော်ပြပါတယ်။
၂၀၂၃ တုန်းက အရှေ့တောင်အာရှကနေ တရုတ်ကို ဒူးရင်းတင်ပို့မှုဟာ ဒေါ်လာ ၆ ဒသမ ၇ ဘီလီယံအထိ ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ကထက် ၁၂ ဆ ပိုများလာတယ်လို့ ဆိုပါတယ်။
ဒီနှစ်မှာတော့ နှစ်တဝက်ပဲရှိသေးတဲ့အချိန်မှာတောင် ထိုင်းတနိုင်ငံတည်းကတင် တရုတ်ကို ဒူးရင်းတင်ပို့တဲ့ပမာဏဟာ ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံတောင်ရှိပြီလို့ ဆိုပါတယ်။
အဓိကအားဖြင့် တင်ပို့တဲ့ လမ်းကြောင်းတွေ မြန်ဆန်လာတာနဲ့ ဒူးရင်းသီးသီးကို လတ်လတ် ဆတ်ဆတ်အတိုင်း ကြာရှည်ခံအောင် အေးခဲတဲ့ နည်းပညာတွေ သုံးလာနိုင်တာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
ဂရိတ်အေ အဆင့် ဒူးရင်းသီးတွေကို မတင်ပို့မီ အနုတ် ၄၀ ဒီဂရီစင်တီဂရိတ်အထိ အေးခဲပစ်တဲ့ နည်းပညာကို အသုံးပြုတာဖြစ်ပါတယ်။
ဗီယက်နမ်လို ပြိုင်ဘက်တွေပေါ်လာပေမဲ့ အရည်အသွေးပိုကောင်းတယ်လို့ အများလက်ခံထားတဲ့ ထိုင်းဒူးရင်းကတော့ မျက်နှာပန်းအလှဆုံးဖြစ်နေပါတယ်။
လင်မယားနှစ်ယောက် တနေ့ကို ဘတ် ၁၀၀ ကနေ ဘတ် ၅,၀၀၀ ဖိုးလောက်ပဲ ရောင်းချခဲ့ရာကနေ အခုအခါ ဘတ်သန်းရာချီ လည်ပတ်တဲ့လုပ်ငန်းဖြစ်လာတယ်လို့ ထိုင်းနိုင်ငံက အကြီးဆုံး ဒူးရင်းထုတ်ပိုး တင်ပို့တဲ့ လုပ်ငန်း တခုဖြစ်တဲ့ ရာချာဒူးရင်းကုမ္ပဏီ တည်ထောင်သူ အပီချက် ချစ်ဖော်က ပြောပါတယ်။
Source-Reuters