ဂါဇာကမ်းမြောင်ဒေသက လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်သားတွေအတွက် အန္တရာယ်တွေကို သည်းမခံနိုင်ဘူးလို့ ကုလသမဂ္ဂက ဇွန် ၂၅ ရက်မှာ ပြောလိုက်ပါတယ်။
အကူအညီပေးရေးအဖွဲ့တွေနဲ့ ပိုထိရောက်အောင် ညှိနှိုင်းဆောင်ရွက်ဖို့၊ မရှိမဖြစ်လိုတဲ့ လုံခြုံရေးပစ္စည်းတွေကို သုံးဖို့နဲ့ အကူအညီတွေပို့ရာမှာ အဆင်ပြေ ချောမွေ့အောင် အစ္စရေးစစ်တပ်က ကုလသမဂ္ဂကို ခွင့်ပြုချက်ပေးဖို့ အစ္စရေးကို ဖိအားပေးခဲ့ပါတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စစ်ဆင်ရေးတွေကို ဂါဇာကမ်းမြောင်မှာ အကြိမ်ကြိမ် လုပ်ခဲ့တယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီ ဒူဂျာရစ်က သတင်းထောက်တွေကို အင်္ဂါနေ့မှာ ပြောပါတယ်။
"ပွင့်ပွင့်လင်းလင်းပြောရရင် အန္တရာယ်တွေက သည်းမခံနိုင်စရာတွေ ပိုများလာတယ်"လို့လည်း ဒူဂျာရစ်က ပြောပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွဟားမတ်စ်တို့ကြား စစ်ပွဲအတွင်း ဂါဇာမှာ ရင်ဆိုင်နေရတဲ့ ကုလသမဂ္ဂအခက်အခဲတွေကို ဆွေးနွေးဖို့ ကုလသမဂ္ဂ ဘေးကင်းလုံခြုံရေး အကြီးအကဲဟာ အကူအညီပို့ဆောင်ရေး တာဝန်ခံအစ္စရေး စစ်ဘက်ဌာနခွဲ COGAT နဲ့ တနင်္လာနေ့မှာ တွေ့ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
အငတ်ဘေးကြုံနေရတဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေတဲ့ “တရားမဲ့မှု”တွေ ရှိနေတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောပါတယ်။
အခြေအနေ တိုးတက်ကောင်းမွန်လာစေဖို့ ကုလသမဂ္ဂ၊ အစ္စရေးတို့နဲ့ အတူ လုပ်ဆောင်နေတယ်လို့ အမေရိကန်က ပြောပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အစ္စရေး လက်ထောက် သံအမတ်ကြီး ဂျိုနသန် မေလာက ၈ လ ကျော်ကြာ ပဋိပက္ခအတွင်း ဂါဇာကမ်းမြောင်ဒေသဆီ အကူအညီပေးရေး ထရပ်ကား ၃၆,၀၀၀ ကျော် ဝင်ရောက်ခဲ့တယ်လို့ လုံခြုံရေးကောင်စီကို ပြောပါတယ်။
ကုန်ကားတွေဟာ စားနပ်ရိက္ခာ၊ ရေ၊ အမိုးအကာ၊ ဆေးဝါးနဲ့ လောင်စာဆီတွေ အပါအဝင် အကူအညီတန်ချိန် ၆၈၂,၁၈ဝ ကျော်ကို သယ်ဆောင်ခဲ့ပြီး ဂါဇာကမ်းမြောင်ကို ရောက်ချိန်မှာ ကုလသမဂ္ဂက ဒီအကူအညီတွေကို စုဆောင်း ဖြန့်ဖြူးရာမှာ ပြဿနာဖြစ်ခဲ့တယ်လို့ သံအမတ်က ပြောပါတယ်။
Source-Reuters