ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မူးယစ်ဆေးဝါးတွေကို တရားဝင် ခွင့်ပြုပေးလိုက်ခြင်းကို ဆန့်ကျင်ကြောင်း ဇွန် ၂၆ ရက်မှာ မိန့်ကြားခဲ့ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေကိုလည်း လူသတ်သမားတွေလို့ ရှုတ်ချခဲ့ကာ မူးယစ်ဆေးစွဲသူတွေ အတွက်လည်း အကူအညီနဲ့ ပံ့ပိုးမှုတွေပေးဖို့ တောင်းဆိုခဲ့ပါတယ်။
လူငယ်တွေကို မူးယစ်ဆေးပေးတဲ့သူတွေဟာ ရာဇဝတ်ကောင်တွေ၊ လူသတ်သမားတွေသာ ဖြစ်ပြီး သူတို့ ပြောင်းလဲသွားပါစေလို့ ဆုတောင်းပေးပါတယ်လို့လည်း ပုပ်ရဟန်းမင်းက ပြောပါတယ်။
“မူးယစ်ဆေးဝါးကို စွဲလမ်းနေကြတဲ့ တကမ္ဘာလုံးက သန်းနဲ့ချီတဲ့လူတွေရဲ့ စိတ်မကောင်းစရာ အခြေအနေတွေကို ရင်ဆိုင်နေရတာ၊ အဲဒီ မူးယစ်ဆေးဝါးတွေကို တရားမဝင်ထုတ်လုပ်ပြီး ရောင်းဝယ်နေကြတဲ့ အရှုပ်တော်ပုံတွေနဲ့ ရင်ဆိုင်နေရတာတွေကို လျစ်လျူရှုထားလို့ မရဘူး” လို့ စိန့်ပီတာရင်ပြင် အပတ်စဉ် လူထုဂါရဝပြုပွဲမှာ မိန့်ကြားခဲ့ပါတယ်။
မူးယစ်ဆေးစွဲတာကို လျှော့ချခြင်းဟာ မူးယစ်ဆေးဝါးသုံးစွဲမှုကို ဖြေလျှော့ပေးလိုက်ရုံနဲ့ မအောင်မြင်နိုင်ဘဲ ဒါဟာ ထင်ယောင်ထင်မှားကိစ္စသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ တချို့နိုင်ငံတွေမှာက မူးယစ်ဆေးဝါးကို တရားဝင်သုံးစွဲခွင့်ကို အဆိုပြုတာ၊ အကောင်အထည်ဖော်တာတွေတောင် ရှိနေပြီး မူးယစ်ဆေးသုံးစွဲမှုက ပိုတောင်များလာပြီ လို့လည်း မိန့်ပါတယ်။
မူးယစ်ဆေးကုန်သည်တွေနဲ့ မှောင်ခိုသမားတွေရဲ့ မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ လုပ်ရပ်တွေကို မျက်နှာလွှဲမထားနိုင်ဘူးလို့လည်း ပုပ်ရဟန်းမင်းကြီးက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
အာဂျင်တီးနားနိုင်ငံမှ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ဟာ ပတ်ဝန်းကျင်မှာလည်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုရဲ့ အဖျက်အဆိုး သက်ရောက်မှုရှိတာကို ရှုတ်ချခဲ့ပြီး ဥပမာအနေနဲ့ လက်တင်အမေရိကရှိ အမေဇုန်မြစ်ဝှမ်းမှာ ပိုပြီး သိသာထင်ရှားတယ်လို့ မိန့်ကြားသွားပါတယ်။
Source-Reuters