ဇွန် ၂၇ ရက် ကျင်းပမယ့် ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ အန္တိမအဂ္ဂိဈာပနပွဲကို ရဟန်းရှင်လူပြည်သူအများ လာရောက်ကြည်ညိုကြဖို့ ဈာပနဖြစ်မြောက်ရေးကော်မတီက ဖိတ်ကြားထား ပါတယ်။
ဆရာတော်ကြီးရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေကို နောက်ဆုံးပူဇော်ဖို့ ဆရာတော်ကြီးရဲ့ အန္တိမအဂ္ဂိဈာပနပွဲကို နိုင်ငံအဝန်းက ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ အနေနဲ့ လာရောက်ကြဖို့ ဖိတ်ကြားအပ်ပါတယ်လို့ ဆရာတော်ကြီးရဲ့တပည့်ဟောင်း ဈာပနပွဲဖြစ်မြောက်ရေးကော်မတီဝင် ရဟန်းတော်တပါးက မိန့်ပါတယ်။
“ဆရာတော်ကြီး ပျံလွန်တော်မူသွားခြင်းဟာ သာသနာတော်နဲ့ နိုင်ငံတော်အတွက် လွန်စွာကြီးမားသည့် ဆုံးရှုံးမှုတရပ် ဖြစ်ပါတယ်။ ဆရာတော်ကြီး ပျံတော်မူသွားတဲ့အတွက် ဆရာတော်ကြီးရဲ့ တပည့် ရဟန်းတပါးအနေနဲ့ ဘယ်လိုနည်းနဲ့မှ သည်းခံလို့၊ ခွင့်လွှတ်လို့၊ မေ့ပျောက်လို့ ရမှာမဟုတ်ပါဘူး ဒကာကြီး။ ကိုယ်ချင်းမစာမနာ ပြောထွက်ရက်တဲ့ စကားလုံးတွေအပေါ်မှာ အရမ်းပဲ ခံပြင်းဒေါသထွက်မိပေမဲ့ ရဟန်းတပါးအနေနဲ့ မျိုသိပ်ထားရတယ်ပေါ့။” လို့ DVB ကို မိန့်ဆိုပါတယ်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဟောင်း ဆရာတော်တပါးဖြစ်တဲ့ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ မန္တလေးမှာကျင်းပမယ့် ရွှေကျင်နိကာရ သံဃာ့အစည်းအဝေးတက်ဖို့ သွားရောက်စဥ် စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ဇွန် ၁၉ ရက်မှာ ပျံလွန်တော်မူခဲ့ရတာ ဖြစ်ပါတယ်။
ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး အန္တိမအဂ္ဂိဈာပနပွဲကို မနက်ဖြန် ဇွန် ၂၇ ရက် နေ့လယ် ၁၂ နာရီမှာ ဆရာတော်ကြီးရဲ့ ဥတုဇရုပ်ကလာပ်တော်ကို ဆင်ဖြူကွင်းသုသာန်ကို ပို့ဆောင်ပြီး အန္တိမအဂ္ဂိဈာပန ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။
ဆရာတော် ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး သံဃာတော်တွေက အာဏာသိမ်း စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ် မှောက်ထားကြတယ်။