လူဇင်ဘတ်နိုင်ငံမှာ ဇွန် ၂၅ ရက်က ကျင်းပတဲ့ ဥရောပသမဂ္ဂ (EU) ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ယူကရိန်းနိုင်ငံက ဥရောပသမဂ္ဂအဖွဲ့ထဲ တရားဝင် ဝင်ရောက်ရေး စတင်ဆွေးနွေးခဲ့လို့ ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကို ဥရောပနိုင်ငံတွေက ချီးကျူး ဂုဏ်ပြုခဲ့ကြပါတယ်။
လူဇင်ဘတ် နိုင်ငံခြားရေးဝန်ကြီး ဇေဗီယာ ဘက်တယ်က ယူကရိန်း ဒုတိယဝန်ကြီးချုပ် အိုဟာ စတက်ဖနီ ရှီနာကို နွေးနွေးထွေးထွေး ပွေ့ဖက်ခဲ့ပြီး အခုလို စတင်မှုဟာ “သမိုင်းဝင် မှတ်တိုင်တခု” ဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော်တို့ အတူတကွ ဖြတ်သန်းရမယ့် ခရီးရှည်ကြီးရဲ့ အစတခုဆိုတာ အသိအမှတ်ပြုပါတယ်” လို့လည်း သူက ဆက်ပြောပါတယ်။
ရုရှားရဲ့ ကျူးကျော်မှုကို ဆန့်ကျင်တဲ့ စစ်ပွဲအတွင်း ယူကရိန်းနိုင်ငံကို နိုင်ငံရေးအရ မြှင့်တင်ဖို့ ဆွေးနွေးပွဲတွေက ရည်ရွယ်ထားတာပါ။
ဒါပေမဲ့ ယူကရိန်းက EU အစုအဖွဲ့ဆီ မဝင်ရသေးခင်မှာ ရှည်လျားပြီး ခက်ခဲကြမ်းတမ်းတဲ့လမ်းကို ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။
လူဇင်ဘတ်နိုင်ငံမှာ ကျင်းပတဲ့ အခမ်းအနားမှာ အစုအဖွဲ့ရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီဖို့လိုတဲ့ ပြုပြင်ပြောင်းလဲမှု အားလုံးကို အကဲဖြတ်ဖို့ EU က ယူကရိန်းဥပဒေတွေကို စိစစ်ပြီးမှသာ စေ့စပ်ညှိနှိုင်းမှု စတင်မှာဖြစ်ပါတယ်။
ယူကရိန်းနဲ့ စတင်ဆွေးနွေးပွဲပြီး နောက်ပိုင်းမှာ အိမ်နီးချင်း မော်လ်ဒိုဗာနဲ့ EU တို့က နေ့ခင်းပိုင်းမှာ ဆက်ဆွေးနွေးခဲ့ပါတယ်။
ယူကရိန်းနဲ့ မော်လ်ဒိုဗာ နှစ်နိုင်ငံစလုံးဟာ ရုရှားသြဇာလွှမ်းမိုးမှုကနေ ဝေးကွာပြီး အနောက်နိုင်ငံတွေနဲ့ ပိုပေါင်းစည်းဖို့ လမ်းစရှိတာကို EU က အချက်ပြနေခဲ့ပါတယ်။
နှစ်နိုင်ငံစလုံးဟာ EU အဖွဲ့ဝင်ဖြစ်ဖို့ နည်းပညာနဲ့ ဥပဒေဆိုင်ရာ အတားအဆီးတွေကိုသာမက နိုင်ငံရေးဆိုင်ရာ အတားအဆီးတွေကိုပါ ဖြတ်သန်းရမှာ ဖြစ်ပါတယ်။
Source-Reuters