တောင်ကိုရီးယားနိုင်ငံဟာ ၇၄ နှစ်မြောက် ကိုရီးယားစစ်ပွဲ အထိမ်းအမှတ် လုပ်နေချိန်မှာ ရုရှားနိုင်ငံနဲ့ အပြန်အလှန် ကာကွယ်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံကို တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးက ဇွန် ၂၅ ရက်မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
သမ္မတ ယွန်းက“ပြီးခဲ့တဲ့အပတ်က မြောက်ကိုရီးယားဟာ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်ကို ယူကရိန်းစစ်ပွဲကို စတင်ခဲ့တဲ့ ရုရှားနိုင်ငံနဲ့ လက်မှတ်ရေးထိုးခဲ့ပြီးတော့ စစ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာစေဖို့ ကတိပြုခဲ့ပါတယ်။ ဒါတွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို တိုက်ရိုက်ချိုးဖောက်တာ ဖြစ်ပြီး သမိုင်းရဲ့ တိုးတက်မှုကို ဆန့်ကျင်လိုက်တဲ့ ရာဇဝင်ရိုင်းမှုတခုလည်း ဖြစ်တယ်” လို့ ကိုရီးယားစစ်ပွဲ ၇၄ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားစစ်တပ်ဟာ ဘယ်လိုအခြေအနေမျိုးမှာမဆို ပြတ်ပြတ်သားသား အဆင်သင့်ရှိနေမှာ ဖြစ်တာကြောင့် မြောက်ကိုရီးယားဟာ တောင်ကိုရီးယားသမ္မတနိုင်ငံကို ဘယ်တော့မှ လျှော့မတွက်ရဲ၊ လျစ်လျူရှုဝံ့မှာ မဟုတ်ကြောင်းနဲ့ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကိုလည်း တခဲနက် တင်းတင်းမာမာ ပြန်တုံ့ပြန်သွားမှာဖြစ်ကြောင်းလည်း ဆိုပါတယ်။
၁၉၅၀ ပြည့်နှစ်က မြောက်ကိုရီးယားစစ်တပ်ဟာ အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့ တောင်ကိုရီးယားကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာချိန်မှာ စစ်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲမှာ နောက်ဆုံးအနေနဲ့ ကုလသမဂ္ဂတပ်ဖွဲ့တွေရဲ့ တစိတ်တပိုင်းအဖြစ် နိုင်ငံပေါင်း ၂၀ လောက် ပါဝင်လာနိုင်ပြီး လူပေါင်း သန်းနဲ့ချီ အသက်ဆုံးရှုံးသွားနိုင်ခြေ ရှိပေမဲ့ ငြိမ်းချမ်းရေးစာချုပ်အရ မဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေး အနေနဲ့ပဲ ပြီးဆုံးသွားခဲ့တာ ဖြစ်ပြီးတော့ ကိုရီးယား ၂ နိုင်ငံတို့ဟာ နည်းပညာပိုင်းအရ စစ်ပွဲတွေ ဖြစ်နေပါတယ်။
မြောက်ကိုရီးယားဟာ ပြုံယမ်းဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေကို လွှင့်တင်နေတဲ့ တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူတွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ မစင်အညစ်အကြေးတွေ၊ အမှိုက်ထုပ်တွေကို ထည့်ထားတဲ့ မီးပုံးပျံတွေ ရာနဲ့ချီပြီး တောင်ကိုရီးယားဘက်ကို လွှတ်တင်ခဲ့တာကြောင့် လတ်တလောမှာလည်း တင်းမာမှုတွေ မြင့်တက်လာနေတာပါ။
ဆိုးလ်ကလည်း ကိုရီးယား ၂ နိုင်ငံ စစ်ရေးသဘောတူညီချက်ကို ဖျက်သိမ်းလိုက်ပြီး ပြုံယမ်းက ကာလရှည်ကြာ ရှုတ်ချခဲ့တဲ့ ဝါဒဖြန့် အသံချဲ့စက် ထုတ်လွှင့်မှုတွေကို ပြန်လည်စတင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။
Source-Reuters