အင်ဒိုနီးရှားနိုင်ငံရဲ့ ဒေတာစင်တာကို ဒေါ်လာ ၈ သန်းပေးဖို့ ဟက်ကာအဖွဲ့က တောင်းဆိုထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံ လေဆိပ်တွေရဲ့ လူဝင်မှုစစ်ဆေးရေးစနစ်တွေကို ဟက်ကာတွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆက်သွယ်ရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။
ဟက်ကာတွေဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အစိုးရလုပ်ငန်းတွေကို တိုက်ခိုက်ခဲ့ဖူးပြီး ပြီးခဲ့တဲ့အပတ်က လူဝင်မှုကြီးကြပ်ရေးစနစ်တွေကို ဟက်ခဲ့တာဖြစ်ပါတယ်။
ပတ်စ်ပို့စစ်တဲ့ စက်တွေဟာ ဟက်ကာတွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေတယ်လို့ ဆက်သွယ်ရေးဝန်ကြီးက ဆိုပါတယ်။
Lockbit 3.0 ဆော့လ်ဝဲ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်ကာ အဲဒီ Lockbit ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်တဲ့အဖွဲ့ဟာ ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ ငွေညှစ်တာတွေနဲ့ နာမည်ကြီးတဲ့အဖွဲ့ပဲ ဖြစ်ပါတယ်။
ဆက်သွယ်ရေးဝန်ကြီး ဘူဒီက “ကျနော်တို့ လူဝင်မှုကြီးကြပ်ရေးရဲ့ ဒေတာတွေ ပြန်ရဖို့ အာရုံစိုက်နေပါတယ်” လို့ ပြောဆိုထားပါတယ်။
ဒါပေမဲ့ ဆိုက်ဘာတိုက်ခိုက်မှုအတွက် ပြန်ပေးငွေပေးချေမယ့် ကိစ္စကိုတော့ ပြောဆိုထားတာ မရှိပါဘူး။
ဆိုက်ဘာတိုက်ခိုက်တဲ့ ဟက်ကာတွေဟာ ဒေါ်လာ ၈ သန်း ပေးမယ်ဆိုရင် ဒေတာတွေ ပြန်ပေးမှာဖြစ်ပါတယ်။
ငွေညှစ်တဲ့တောင်းဆိုမှုကို လက်မခံရင် အဖွဲ့အစည်းနဲ့ လူတွေရဲ့ လျှို့ဝှက်အချက်အလက်တွေကို ထုတ်ပြန်တာ ဒါမှမဟုတ် ဖျက်ပစ်တာတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ကုမ္ပဏီတွေနဲ့ အစိုးရအေဂျင်စီတွေကို ဟက်ကာတွေက ဆိုက်ဘာတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။
Source-Reuters