Home
နိုင်ငံတကာ
သမ္မတလောင်း ထရမ့်ပ်ကို စီးပွားရေးလုပ်ငန်းရှင်များ လာရောက်တွေ့ဆုံ
DVB
·
June 25, 2024
Photo-Reuters

လာမယ့် နိုဝင်ဘာလကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်ခင် စီးပွားရေးနယ်ပယ်ထဲက ခေါင်းဆောင်တွေဟာ ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်ကို တွေ့ဆုံနိုင်ဖို့အတွက် စုဝေးနေကြပြီ ဖြစ်ပါတယ်။

ဒါဟာ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင် အပေါ်​ အားမလိုအားမရဖြစ်မှုနဲ့ ထရမ့်ပ်ကို ရွေးကောက်ပွဲ အနိုင်ရမယ့်သူအဖြစ် ရှုမြင်လာရာကနေ အရင်းခံတယ်ဆိုပြီး ဝေါစထရိဂျာနယ်မှာ ရေးသားထားပါတယ်။

ထရမ့်ပ်ဟာ အခွန်ပိုပြီးလျှော့ချပေးဖို့ အပါအဝင် သူ့ရဲ့ အပြင်းထန်ဆုံးသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကတိကဝတ်တချို့ကို ပြန်လျှော့ပေါ့ပေးမယ်လို့ ဒီတပတ်ထဲ မဲဆွယ်စည်းရုံးခဲ့ရာမှာ ကမ္ဘာ့ကုမ္ပဏီကြီးတွေရဲ့ အမှုဆောင်အရာရှိချုပ်တွေက လာရောက်အကဲခတ်ခဲ့ကြပါတယ်။

ရီပတ်ဘလီကန်ပါတီတွင်း အကြိုရွေးကောက်ပွဲတွေမှာလည်း ထရမ့်ပ်ဟာ တောက်လျှောက် အနိုင်ရထားတာကြောင့် လာမယ့် ဇွန် ၂၄ ရက်နေ့အတွင်း ဒီမိုကရက်သမ္မတလောင်း ဘိုင်ဒင်နဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးရဖို့ ရှိနေပါတယ်။

ဒါ့အပြင် ထရမ့်ပ်က အခွန်ကိစ္စ အပါအဝင် စီးပွားရေးစနစ်ကိုပါ ဘိုင်ဒင်ထက် သာလွန်အောင် ပြုလုပ်မှာဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စုံညီတွေ့ဆုံမှုအတွင်း မိန့်ခွန်းပြောဆိုပါတယ်။

ထရမ့်ပ်ရဲ့ မဲဆွယ်စည်းရုံးမှုအရ အမြတ်ငွေပေါ်ကောက်ခံမယ့် ကော်ပိုရိတ် အခွန်နှုန်းထားဟာ ၂၀ ရာခိုင်နှုန်းမှာ ရှိသင့်ပေမဲ့လည်း ၁၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

လူဝင်မှုကြီးကြပ်ရေးစနစ်နဲ့ ပတ်သက်ရင်လည်း အပြောင်းအလဲတွေလုပ်ပြီး ပညာတတ် နိုင်ငံခြားသားတွေနဲ့ ပြည်ပဖွား တက္ကသိုလ်ကျောင်းသားတွေကို ပြည်တွင်းမှာ နေထိုင်ခွင့်ရအောင် စီစဉ်ပေးမယ်လို့ ထရမ့်ပ်က ပြောပါတယ်။

အမေရိကန်နိုင်ငံကို NATO အဖွဲ့ကနေ နုတ်ထွက်စေတာမျိုး မလိုလားပေမဲ့လည်း အဖွဲ့ဝင်နိုင်ငံတွေဟာ ထည့်ဝင်ရမယ့် ပမာဏအတိုင်း ပါဝင်ဖို့တော့ လိုအပ်ကြောင်း ဖြည့်စွက်ပြောပါတယ်။

ဒီမဟာမိတ်အဖွဲ့ဝင်တွေက ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု (GDP) ရဲ့ ၂ ရာခိုင်နှုန်းကို ကာကွယ်ရေးမှာ အသုံးပြုဖို့အတွက် ကတိပြုထားကြတာပါ။

အခုလိုမျိုး ထရမ့်ပ်ကို ထောက်ခံမှုရှိတဲ့ လုပ်ငန်းရှင်တွေထဲမှာ အထင်ရှားဆုံးကတော့ X လူမှုကွန်ရက်နဲ့ တက်စလာ ကုမ္ပဏီပိုင်ရှင် အီလွန်မတ်စ်ခ်ပဲ ဖြစ်ပါတယ်။

ထရမ့်ပ်နဲ့ မတ်စ်ခ် ကြားမှာ သီးသန့်ဆွေးနွေးမှုတွေ ရှိထားပြီး အပြန်အလှန်အားဖြင့် မတ်စ်ခ်အတွက် အကြံပေးတနေရာနဲ့ ထရမ့်ပ်အတွက် သမ္မတပြန်ဖြစ်လာအောင် အကူအညီပေးကြဖို့ ဖြစ်ပါတယ်။

ဘဏ္ဍာရေးကဏ္ဍက အလှူရှင်တွေဟာလည်း ထရမ့်ပ်ရဲ့ စည်းရုံးရေးအဖွဲ့အတွက် ဒေါ်လာ ၅၆ သန်းနဲ့ ဘိုင်ဒင်ရဲ့ ရွေးကောက်ပွဲကမ်ပိန်းကို ဒေါ်လာသန်း ၄၀ ပေးအပ်ထားကြောင်း သိရပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013