ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ ငှက်ဖျားရောဂါပိုး တွေ့ရှိမှုနှုန်း များနေတယ်လို့ မြေပြင်မှာ ဆေးကုသပေးနေတဲ့ ဆရာဝန်တဦးက ဇွန် ၂၅ ရက်မှာ ပြောပါတယ်။
မိုးရာသီကာလကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် တောတောင်ထဲ စစ်ရှောင်နေရသူတွေမှာ ငှက်ဖျားပိုးရှိတဲ့ခြင် ကိုက်ခံရတာကြောင့် ငှက်ဖျားရောဂါတွေက ပျံ့နှံ့နေတာလို့ သိရပါတယ်။
“ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင် အသက်တနှစ်ခွဲ ကလေးမှာတောင် ငှက်ဖျားဖြစ်တာတွေ ရှိလာတယ်။ တောတောင်ထူထပ်တဲ့နေရာမှာ စစ်ရှောင်နေတဲ့ စခန်းတော်တော်များများက ငှက်ဖျားဖြစ်နေတယ်။ စခန်း ၁၀ ခုရှိရင် ၈ ခုလောက်က ငှက်ဖျားဖြစ်တဲ့သူတွေ ရှိနေတယ်လို့ အကြမ်းဖျင်းဖြေလို့ရတယ်” ဆရာဝန်တဦးက ပြောပါတယ်။
လွိုင်ကော်အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ ဖျားနာတဲ့သူ အယောက် ၁၀၀ ထဲမှာ ဆေးစစ်ချက်အရ အယောက် ၈၀ လောက်က ငှက်ဖျားဖြစ်နေတယ်လို့ ဆိုပါတယ်။
“ငှက်ဖျားဖြစ်ပွားမှုနှုန်းက အမြင့်တက်ဆုံး အခြေအနေမှာ ရှိနေတယ်လို့ ပြောလို့ရတယ်။ စိုးရိမ်ရမှုက ဖြစ်တဲ့သူအပေါ်မှာလည်း မူတည်တာပေါ့နော်။ ကိုယ်ခံအားနည်းတဲ့သူမှာဖြစ်ရင် အခြေအနေ ဆိုးရွားတယ်။ အခန့်မသင့်ရင် ဦးနှောက်ထဲ ပိုးဝင်ပြီး သတိလစ်တဲ့အထိ၊ အသက်အန္တရာယ် ဆုံးရှုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။”
ကြိုတင်ကာကွယ်မှုအနေနဲ့ ခြင်ကိုက်မခံရအောင် အဝတ်အထည် လက်ရှည်ဝတ်ဆင်တာ၊ ခြင်ထောင်နဲ့အိပ်တာ၊ ခြင်မကိုက်အောင် ဆေးလိမ်းတာတွေနဲ့ အနီးပတ်ဝန်းကျင်မှာ ရေစီးရေလာကောင်းအောင်၊ ခြင်မပေါက်ဖွားနိုင်အောင် ဂရုစိုက်ဖို့လိုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘော်လခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာလည်း ငှက်ဖျားရောဂါ ဖြစ်ပွားသူတွေရှိနေပြီး မြေပြင်ဆရာဝန်တွေက နီးစပ်ရာဒေသအလိုက် ဆေးဝါးကုသပေးနေတာ၊ ဆေးစစ်တာတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းအရ ဆေးဝါးအခက်အခဲတွေ ရှိနေပြီး ရှိနေတဲ့ဆေးဝါးတွေနဲ့ အဆင်ပြေအောင် ကုသပေးနေကာ ငှက်ဖျားဖြစ်ပွားသူ အရေအတွက် အတိအကျကိုတော့ ပြောပြဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။