တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ဘုရားမဲစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က ဇွန် ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ ရေး-ထားဝယ်ကားလမ်းမပေါ်ရှိ အင်အား ၃၀ ကျော်ရှိတဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဇွန် ၁၇ ရက် မနက် ၉ နာရီခွဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေက စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) တာဝန်ခံ ကိုဖိုးချောက “ကျနော်တို့ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို စနိုက်ပါနဲ့ သွားပစ်တာ စစ်ကောင်စီတပ်သား ၂ ဦး ကျတယ်။ ကျနော်တို့ဘက်က ပြောက်ကျားပစ်တာ ဖြစ်တဲ့အတွက် ပစ်ပြီးတာနဲ့ အေးဆေး ပြန်ဆုတ်ခဲ့ပါတယ်။ သူတို့က ရမ်းသန်းပစ်ခတ်တာမျိုးတော့ ရှိတယ်။ ကျနော်တို့နဲ့ မဟာမိတ်တွေတော့ ထိခိုက်မှုမရှိပါဘူး။ အရပ်သားထိခိုက်တယ် ဆိုတာမျိုးဖြစ်စဉ်လည်း မကြားမိပါဘူး” လို့ ပြောပါတယ်။
စစ်ရေးအရှိန်မြင့်လာတဲ့အတွက် မဖြစ်သင့်တဲ့ ထိခိုက်မှုတွေ မဖြစ်ရအောင် ပြည်သူတွေအနေနဲ့ အရင်ကထက်ပိုပြီး ဂရုစိုက်နေထိုင်ပေးကြဖို့ တိုက်တွန်းပါတယ်လို့ သူက ဆက်ပြောပါတယ်။
တိုက်ခိုက်မှုပြီးတဲ့အချိန်မှာ စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်တို့နဲ့ ပစ်ခတ်မှုတွေ ရှိသလို လုံခြုံရေးတိုးမြှင့်ချထားပြီး အနီးတဝိုက်မှ ဖြတ်သန်းသွားလာနေတဲ့ ဒေသခံပြည်သူတွေကို စစ်ဆေးတင်းကျပ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နဲ့ Dawei Guerrilla Revolutionary Force (DGRF) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေဟာ မောင်မယ်ရှောင်ရွာ ဘုရားမဲဘုရားကျောင်းအနီးက ရော်ဘာခြံတခုမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက လာရောက်ပြီး ယာယီစခန်းချ စစ်ဆေးရေးဂိတ်ဖွင့်ပြီး ခရီးသွားပြည်သူတွေကို ပိုက်ဆံကောက်ခံတာနဲ့ ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။