နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရ ဆုတောင်းပွဲတခုကို ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့လယ်မှာ ဇွန် ၁၉ ရက် ညနေပိုင်းက ပြုလုပ်သွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ၇၉ နှစ်ပြည့် မွေးနေ့နဲ့အတူ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ရေး ဘာသာပေါင်းစုံ ဆုတောင်းပွဲကိုလည်း ပြုလုပ်ခဲ့တာပါ။
ဒီပွဲကို မဲလ်ဘုန်း မြန်မာမိသားစုများ၊ တိုင်းရင်းသားများအပြင် ကျောင်းသားလူငယ် အများအပြားလည်း ပါဝင်ခဲ့ကြပြီး လူအင်အား ၇၀ ကျော်လောက်က မွေးနေ့ဆုတောင်းစကားများ၊ တော်လှန်ရေးသီချင်းများ၊ ကြွေးကြော်သံများနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်ဖို့ ဆန္ဒပြုခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ ၂၁ နှစ်အတွင်း ၁၅ နှစ်ကျော် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပြီး လက်ရှိ အာဏာသိမ်း စစ်ကောင်စီလက်ထက် ၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ နေပြည်တော် အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံနေရတာပါ။
အဲဒါကြောင့် ၁၉၈၉ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း သူ့မွေးနေ့ ၁၉ ကြိမ်ကို အကျဉ်းချခံနေရတုန်းမှာ ဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။