Home
မြန်မာသတင်း
မွန်-ကရင်နယ်စပ်တွင်  စစ်ကောင်စီတပ်က  ဒရုန်းပိုမိုအသုံးပြု တိုက်ခိုက်လာ  
DVB
·
June 18, 2024

မွန်-ကရင်နယ်စပ်က ကျေးရွာတွေကို စစ်ကောင်စီက ဒရုန်းတွေပိုမို အသုံးပြုပြီး ဝေဟင်စိုးမိုးမှုတွေ လုပ်ဆောင်လာတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက်ကကျေးရွာတွေကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေပူးပေါင်းပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့သလို လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေနဲ့ KNLA မဟာမိတ် ပူးပေါင်းတပ်တို့  နှစ်ဖက်ရင်ဆိုင်ထားပါတယ်။

ဇွန် ၁၈ ရက် မွန်းလွဲ ၁၂ နာရီလောက်က ကျိုက်မရောမြို့နယ်၊ ကောပ့နောကျေးရွာလမ်းဆုံကို စစ်ကောင်စီတပ်ဘက်က ဒရုန်း ၃ စင်းနဲ့ စောင့်ကြည့်ပျံသန်းပြီးနောက် ဗုံး ၂ လုံး ကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း နေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့ပေမဲ့ ဒေသခံပြည်သူတွေဟာ စစ်ရှောင်နေတဲ့အတွက် ထိခိုက်သူမရှိခဲ့ပါဘူး။

မြေပြင်ရှေ့တန်းသတင်းရင်းမြစ်တဦးက “စစ်ကောင်စီက မနေ့တုန်းက MI 35 တွေနဲ့ ပတ်တာတွေ တွေ့ရတယ်။ ပြီးတော့ ဒရုန်းနဲ့ပတ်သက်ပြီး အမြဲတမ်းစစ်ရေးလှုပ်ရှားမှုအနေနဲ့ ဝေဟင်စိုးမိုးမှု သူတို့ယူလာတာတွေ့ရတယ်။ ကျန်တဲ့ မြေပြင် စစ်ရေးလှုပ်ရှားမှုမှာ သူတို့တော်လှန်ရေးအင်အားစုတွေကို မယှဉ်နိုင်တဲ့အခါကျတော့ ဒရုန်းတွေနဲ့ တော်လှန်ရေး အင်အားစုတွေရှိမယ်ထင်တဲ့ နေရာတွေကို ဒရုန်းတွေနဲ့ လာပစ်ခတ်နေတယ်”လို့ ပြောပါတယ်။

လက်ရှိအချိန်အထိ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ စစ်ရှောင်နေအိမ်တွေမှာ ဝင်ရောက်တပ်စွဲနေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

ဇွန် ၈ ရက်က ကျိုက်မရောမြို့နယ် စပယ်ဂူတံတားထိပ်အနီးက နေအိမ်တလုံးကို စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတယောက် ထိမှန် ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်ပါ ထိမှန်ပျက်စီးခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ကျွန်းကုန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိ ခိုက်သေဆုံးသူ များပြားခဲ့တာကြောင့်  အထိနာခဲ့ပြီးနောက် ဒရုန်းတွေကို ပိုမိုသုံးစွဲလာတာဖြစ်ပါတယ်။

စစ်ရှောင်တွေကို ပြန်လည်ခေါ်ယူပြီး ပိတ်လှောင်နှိပ်စက်တဲ့သဘောဖြစ်နေတယ်လို့  မွန်ဖက်ဒရယ်ကောင်စီ (MSFC) လူသားချင်းစာနာထောက်ထားမှုနှင့် ကယ်ဆယ်ရေးဌာနမှူးက ပြောပါတယ်။

MSFC ဌာနမှူး မိဆုတဂျိုက  “ပြောရရင် အခြေအနေတွေက ပိုဆိုးလာမယ်။ ကျန်ရှိတဲ့ပစ္စည်းတွေ ယူဖို့ပြောပေမဲ့ ကိုယ်အိမ်ကိုယ် ပြန်ဖွင့်တော့လည်း သူတို့က လက်နက်ပြပြီးမှ အကုန်လုံးကောက်သိမ်းတာတွေ ရှိတယ်။ အဲဒါကြောင့် ပိတ်ထားပြီးမှ နှိပ်စက်တဲ့ သဘောဖြစ်နေတယ်”လို့ ပြောပါတယ်။

ဧပြီ ၂၅ ရက်က ကော့ဘိန်းရဲစခန်းကို ပြန်လည်သိမ်းယူခဲ့ပြီး စစ်ရှောင်ပြည်သူတွေကို ပြန်လည်ဝင် ရောက်နေထိုင်ဖို့ ဖိအားပေးခေါ်ယူခဲ့ပါတယ်။

စစ်ကောင်စီက ဖိအားပေးပြန်လည်ခေါ်ယူနေပေမဲ့  မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက်က ကော့ဘိန်း၊ ကော့ပေါက်၊ ဓမ္မသ၊ မင်းရွာ၊ သံက‌လောင်၊ တရနာ၊ ကော့စွယ်၊ ကော့သပ် စတဲ့ကျေးရွာက အိမ်ခြေ ၂၀၀၀၀ ကျော်၊ ဒေသခံ ၁ သိန်းကျော်ဟာ ဆွေမျိုးတွေနဲ့ နီးစပ်ရာဘုန်ကြီးကျောင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပါတယ်။

ဒါအပြင်  စစ်ကောင်စီက သံချပ်ကာယာဉ်တွေနဲ့ ခရုံဂူလမ်းဝကနေ ရမ္မာဝတီကားလမ်းတလျှောက် အင်အားဖြည့်တင်းပြီး ထိန်းချုပ်ထားပါတယ်။

 အောင်ခန့်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024