စစ်ကိုင်းတိုင်း၊ ရေဦးမြို့ တိုင်းရင်းဆေးရုံမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်က ဇွန် ၁၇ ရက် ည ၉ နာရီ ၂၀ လောက်က ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ ရေဦးမြို့အတွင်းက တိုင်းရင်းဆေးရုံ၊ ကြာဖူးအဝိုင်း၊ ရွှေကျီးမင်းဂိတ် စတဲ့ နေရာသုံးနေရာကနေ ညစဉ်ညတိုင်း လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
“ဖိန်းကားက ဆန်စက် ပေါ်ကို လက်နက်ကြီးကြတာဗျ။ အဲဒီဆန်စက်မှာ အလုပ်လုပ်နေတဲ့ သာအဖ ၂ ယောက် ထိခိုက် သေဆုံးတာ။ သေဆုံးတာက အဖေဖြစ်သူက နေရာတင်ပွဲချင်းပြီး သေဆုံးတာ။ သမီးဖြစ်သူကတော့ ဒဏ်ရာပြင်းထန်နဲ့ ဆေးကုသခံေနတယ်ဗျ။ သေဆုံးသူအမည်းက ဝင်းသော်မိုး အသက်၄၀ခန့်နဲ့ ဒဏ်ရာရသူက သိမ်နန္ဒဦး အသက်က ၁၉ နှစ်တို့ ဖြစ်ကြတယ်ဗျ။ သူတို့သားဖ၂ယောက်စလုံးက ရေဦးမြို့နယ် ကုန်းတန်းရွာကနေ ကျနော်တို့ရွာက ဆန်စက်မှာ အလုပ်လာလုပ်ရင်း အခုလိုဖြစ်သွားတာ” လို့ ရေဦး ဒေသခံ ရွာသားတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ လက်နက်ကြီးနဲ့ရမ်းသန်းပစ်ခတ်မှု့ကြောင့် မေ ၃၁ ရက် ညကလည်း အခုလိုလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နှောကုန်းရွာအတွင်းကျ ရောက်ပါက်ကွဲပြီး အဖွားအိုတဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
“အတော်ညစ်ပတ် စုတ်ပျက်သတ်တဲ့ (-)စစ်တပ်ဗျ။ မြန်မာသမိုင်းတလျှောက်မှာ အပြစ်မဲ့ပြည်သူ တွေ နေထိုင်တဲ့ရွာတွေကို လက်နက်ကြီးနဲ့ အကြောင်းမဲ့ပစ်ခတ်ပြီး အရပ်သား သေဆုံးအောင် ရည်ရွယ်ချက်ရှိရှိလုပ်တာ။ ဘယ်ပြည်သူကာကွယ်ရေးတပ်က စစ်တပ်ရဲ့ လက်နက်ကြီး ကျည်တကမ်းကို နေထိုင်နေပမလဲဗျာ။ ဒီရွာတွေမှာ ပြည်သူတွေပဲ နေတာကို သိသိကြီးနဲ့ကို ပစ်တာ။ ဒါမျိုးတွေ မလုပ်သင့်ဘူးလေဗျာ။ ကျနော်တို့ပြည်သူကာကွယ်ရေးတပ်အနေနဲ့ ပြည်သူဒုက္ခ ဖြစ်စေမဲ့အရာ တစ်စုံတရာမှ လုပ်ဆောင်သွားမှာမဟုတ်ဘူး” လို့ ရေဦးပြည်သူကာကွယ်ရေး ခေါင်းဆောင်တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခု မတ် ၂၅ ရက်နေ့ကလည်း ဖိန်းကားရွာကိုဝင်ရောက်ပြီး အဖွားအိုတဦးကိုသတ်ဖြတ်ကာ ကျေးရွာကို မီးရှို့ခဲ့ကြပြီး ရွာအတွင်းက တန်းဖိုးရှိပစ္စည်းတွေနဲ့ ဆန်အိမ်တွေ သယ်ယူသွားတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းက အကျဲကျေးရွာနဲ့ ဖရောကျေးရွာ ရွာချင်းဆက်လမ်းကို ဇွန် ၁၇ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
ရွာချင်းဆက်သွယ်ထားတဲ့ အများပြည်သူသွားလမ်းကို စစ်ကောင်စီတပ်က ဘူဒိုဇာနဲ့ အများပြည်သူ သွားလာလို့မရအောင် မြေကျင်းတွေတူးပြီး ဖျက်ဆီးသွားတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံအမျိုးသားတဦးက “စစ်တပ်က ဘူဒိုဇာနဲ့ ထိုးသွားတယ်။ လမ်းက အရင်ကဆို ကားပါသွားလို့ရတယ်။ အခုဟာက မြေကျင်းကြီးဖြစ်သွားပြီး ဆိုင်ကယ်တောင် သွားမရတော့ဘူး။ ဘေးနားကနေ မနည်းတွန်းသွားရတယ်” လို့ ပြောပါတယ်။
အကျဲကျေးရွာနဲ့ ဖရောကျေးရွာဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) နဲ့ ၇ မိုင်ခန့်သာ ကွာဝေးပြီး အဲဒီကျေးရွာတွေအနီးမှာ ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၃ ရက်က တကြိမ်၊ မတ် ၂၈ ရက်က တကြိမ် အကျဲကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ KIA၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။