ရုရှားရဲ့ ကျူးကျော်စစ်ခံနေရတဲ့ ယူကရိန်းနိုင်ငံကို ဒေါ်လာ ဘီလီယံ ၅၀ ချေးဖို့ G7 က သဘောတူညီခဲ့ပါတယ်။
ရုရှားနိုင်ငံက ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ဝင်တိုက်ခဲ့ပြီးနောက် EU နဲ့ G7 တို့ဟာ ရုရှားပိုင်ငွေကြေးထဲက ဒေါ်လာ ၃၂၅ ဘီလီယံကို ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
နိုင်ငံတကာစည်းမျဥ်းအရ ဥရောပဗဟိုဘဏ်မှာ အပ်ထားတဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကို ဘယ်ဂျီယံနိုင်ငံမှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
ဒီငွေကြေးတွေကို တခြားနိုင်ငံတွေက ဘဏ္ဍာတော်အဖြစ် သိမ်းယူပြီး ယူကရိန်းကို ပေးခွင့်တော့ မရှိပါဘူး။
ဒီငွေကြေးတွေက တနှစ် အတိုး ၃ ဘီလီယံရမှာဖြစ်လို့ ဒီငွေကို ယူကရိန်းနိုင်ငံကို ချေးငွေအဖြစ်ပေးဖို့ G7 က စီစဥ်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က “ယူကရိန်းကို ချေးငွေပေးတာက ကျနော်တို့ကို ထောက်ပံ့မှုမပြုဖို့ပြောတဲ့ ပူတင်အတွက် သတိပေးမှုတခုဖြစ်ကြောင်း၊ ပူတင်က ကျနော်တို့စည်းလုံးမှုကို ဖြိုခွဲလို့မရကြောင်း၊ ယူကရိန်းတို့ စစ်နိုင်တဲ့အထိ ကျနော်တို့ အတူရှိနေမှာဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။
ဒီငွေတွေဟာ ဒီနှစ်ကုန်အထိ ယူကရိန်းက ရမှာမဟုတ်သေးပေမဲ့ စစ်ပွဲဆင်နွှဲနေရတဲ့ ယူကရိန်းအတွက် ကာလရှည် အထောက်အပံ့ ဖြစ်လာမှာပါ။
အီတလီမှာပြုလုပ်တဲ့ G7 ထိပ်သီးအစည်းအဝေးမှာ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ဟာ ၁၀ နှစ်သက်တမ်းရှိ လုံခြုံရေးဆိုင်ရာ အပြန်အလှန် သဘောတူညီစာချုပ် ချုပ်ဆိုခဲ့ပါတယ်။
ဒီသဘောတူညီချက်အရ အမေရိကန်စစ်တပ်က ယူကရိန်းကို လေ့ကျင့်ရေးအကူအညီတွေ ပေးမယ်လို့ ခန့်မှန်းရပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးက “ကျနော်တို့ လွတ်လပ်ခဲ့တဲ့ ၁၉၉၁ ခုနှစ်ကတည်းက အမေရိကန်နဲ့ ခိုင်မာတဲ့ သဘောတူညီစာချုပ်တွေ ချုပ်ဆိုခဲ့ကြောင်း၊ ဒီနေ့ဟာ သမိုင်းဝင်တဲ့နေ့ ဖြစ်ကြောင်း” ပြောဆိုခဲ့ပါတယ်။
ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတို့ ဖွဲ့စည်းထားတဲ့ G7 ဟာ ရုရှားရဲ့ ကျူးကျော်စစ် စကတည်းက ယူကရိန်းကို စစ်ရေး၊ ဘဏ္ဍာရေး ထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ဟာ ယူကရိန်းကို ပြီးခဲ့တဲ့မေလတုန်းက ဒေါ်လာ ၆၁ ဘီလီယံ ကူညီပေးဖို့ သဘောတူညီခဲ့ပါသေးတယ်။
ယူကရိန်းနိုင်ငံဟာ လက်ရှိအချိန်မှာ ရုရှားရဲ့ ဒုံးအန္တရာယ်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ လက်နက်လိုအပ်နေပါတယ်။
Source-Reuters