မကွေးတိုင်း၊ မင်းဘူးမြို့ပေါ်က ရွှေဧရာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်အရောင်းဆိုင်မှာ ညပိုင်းလုံခြုံရေးဝန်ထမ်းတဦး ဇွန် ၁၃ ရက်မနက်အစောပိုင်းက ကျောက်ခဲနဲ့ထုသတ်ခံရကြောင်း မြို့ခံတွေဆီက သိရပါတယ်။
အခင်းဖြစ်ပွားတဲ့နေရာဟာဆိုရင် မင်းဘူး-စကု လမ်းမကြီးပေါ်က ကုလားကုန်းမီးပွိုင့်အနီး မှာရှိတဲ့ "ရွှေဧရာ" မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်အရောင်းဆိုင်ရှေ့မှာ ဖြစ်ပွားခဲ့တာပါ။
ရွှေဧရာဆိုင်ရဲ့ ညစောင့်ဝန်ထမ်းကို အနီးနားမှာရှိတဲ့ ကွန်ကရစ်ကျောက်တုံးတတုံးနဲ့ ခေါင်းကို ထုသတ်ခဲ့တာဖြစ်တယ်လို့ မင်းဘူးမြို့ခံတဦးက ပြောပါတယ်။
"မြို့လယ်ခေါင်ကြီးမှာဖြစ်တာ၊ မနက် ၃ နာရီလောက်က ဖြစ်တာ။ ရဲတွေကတော့ ၇ နာရီလောက် လင်းမှ ရောက်လာကြတာပဲ။ ဆိုင်ထဲက ပစ္စည်းတွေ ဖောက်တာရှိမရှိကတော့ အဒေါ်တို့လည်း မသိသေးဘူးနော်။”
အသတ်ခံလိုက်ရတဲ့သူက ရွှေဧရာဆိုင်ရဲ့ ညစောင့်ဝန်ထမ်း အသက် ၆၁ နှစ် အရွယ် ဦးဇော်မြင့်သန်းဖြစ်ပြီး လက်ရှိအချိန်မှာတော့ ညီဖြစ်သူက တရားလိုလုပ်ပြီး အမှုဖွင့်တိုင်တန်းထားတယ်လို့ သိရပါတယ်။
မင်းဘူးမြို့ရဲတပ်ဖွဲ့ဟာ မြို့လုံခြုံရေးလုပ်ငန်းတွေ အားစိုက်လုပ်ဆောင်တာမရှိဘဲ မင်းဘူးမြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်း (၈၈) အမိန့်အတိုင်း လူငယ်တွေကို အတင်းအဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းဖို့ပဲ အားစိုက်လုပ်ကိုင်နေတယ်လို့ မင်းဘူးမြို့ ရဲအသိုက်အဝန်းက သိရပါတယ်။