ရုရှားနိုင်ငံရဲ့ဘဏ္ဍာရေးအခြေခံအဆောက်အအုံရဲ့ အဓိကအစိတ်အပိုင်းတွေကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုအသစ်တွေ ထပ်မံထုတ်ပြန်ပြီးနောက်မှာ ရုရှား ရူဘယ်ငွေ တန်ဖိုး ထိုးကျသွားပါတယ်။
အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုအသစ်ကြောင့် ရုရှားငွေလဲလှယ်နှုန်းဟာ ဒေါ်လာနဲ့ ယူရိုငွေ ကုန်သွယ်မှုကို ရပ်တန့်စေခဲ့ပြီးနောက်မှာ ကြာသပတေးနေ့က ဘဏ်အချင်းချင်း ဈေးကွက်မှာ ဒေါ်လာနဲ့ယှဉ်ရင် ရူဘယ်ငွေတန်ဖိုးဟာ တစ်လအတွင်း အနိမ့်ဆုံးကို ကျဆင်းသွားခဲ့ပါတယ်။
ငွေကြေးအရောင်းအ၀ယ်ဟာ တိုက်ရိုက် အရောင်းကောင်တာ ဈေးကွက်ကို သီးသန့် ရွေ့သွားတာကြောင့် ဒေါ်လာ-ရူဘယ် လေလံကို ရယူပြီး စျေးနှုန်းမေးမြန်းဖို့ ခက်ခဲတဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေ ဖြစ်သွားတာပါ။
ဗဟိုဘဏ်ဟာ အရောင်းကောင်တာ ကုန်သွယ်မှုအပေါ် အခြေခံပြီး တရားဝင် နေ့စဉ်နှုန်းထားကို ထုတ်ပြန်မှာဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က ရုရှားနိုင်ငံအပေါ် အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုအသစ်ဟာ သူ့ရဲ့ ထိပ်တန်းဘဏ္ဍာရေး ဈေးကွက်ဖြစ်တဲ့ မော်စကိုအိပ်ချိန်း MOEX မှာ ဒေါ်လာနဲ့ ယူရိုငွေ ကုန်သွယ်မှုကို ချက်ခြင်းရပ်ဆိုင်းဖို့ ဖိအားပေးခဲ့ပါတယ်။
ယူကရိန်းမှာ ရုရှားရဲ့ စစ်ပွဲကို ဆက်ထိန်းထားဖို့ အသုံးပြုတဲ့ ငွေကြေးနဲ့ ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်ဖို့ ရည်ရွယ်တဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေကို ဝါရှင်တန်က ကြေညာပြီးတဲ့နောက် တနာရီအတွင်းမှာပဲ ဗဟိုဘဏ်က ကြေညာချက်တွေကို အမြန်ထုတ်လိုက်ပါတယ်။
ဗဟိုဘဏ်ဟာ အမေရိကန် ဒေါ်လာနဲ့ ချိတ်ထားတဲ့ ဟောင်ကောင်ဒေါ်လာ ကုန်သွယ်မှုကိုလည်း ဆိုင်းငံ့ထားလိုက်ပေမဲ့ ပိတ်ဆို့အရေးယူမှုတွေရဲ့ ဖြစ်နိုင်ခြေရှိတဲ့ သက်ရောက်မှုတွေကို လျှော့ချဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။
မော်စကိုအိပ်ချိန်း MOEX အပါအဝင် ရုရှားရဲ့ ဘဏ္ဍာရေးအခြေခံ အဆောက်အအုံရဲ့ အဓိကအစိတ်အပိုင်းတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ချမှတ်ထားကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
မော်စကိုအိပ်ချိန်း MOEX ဟာ အစုရှယ်ယာ၊ ပုံသေဝင်ငွေ၊ နိုင်ငံခြားငွေနဲ့ တခြားထုတ်ကုန်တွေအတွက် လည်ပတ်နေတဲ့ ရုရှားနိုင်ငံရဲ့ အကြီးဆုံးသော အများသူငှာ စျေးကွက်လည်း ဖြစ်ပါတယ်။
MOEX နဲ့ သူ့ရဲ့ဆက်စပ်လုပ်ငန်းခွဲတွေဟာ ဒီလိုအရောင်းအဝယ်တွေမှာ ပါဝင်ပတ်သက်နေတဲ့အဖွဲ့တွေရဲ့ အထောက်အထားတွေကို ဖုံးကွယ်ပေးခြင်းကနေ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲနိုင်ဖို့ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း အကြီးတန်း ဘဏ္ဍာရေးအရာရှိတစ်ဦးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
သူတို့ကို ပိတ်ဆို့အရေးယူလိုက်ခြင်းအားဖြင့် အမေရိကန်ဟာ နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုတွေမှာ ပိုမိုပွင့်လင်းမြင်သာမှုကို တွန်းအားပေးမှာဖြစ်ပြီး ပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲဖို့ ပိုမိုခက်ခဲစေမှာဖြစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။
Source-Reuters
Photo-Reuters