ချီလီနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ဘက်ပိုင်းမှာ မိုးသက်မုန်တိုင်းနဲ့ လေပြင်းတွေ တိုက်ခတ်ခဲ့မှုကြောင့် ရေကြီးမှုတွေနဲ့ မြစ်ရေလျှံတက်မှုတွေ ဖြစ်ပေါ်လာပြီး နေအိမ်တွေ ပျက်စီးခဲ့ကာ လမ်းတွေလည်း ပြတ်တောက်ခဲ့ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုက ဆက်လက်ဖြစ်ပေါ်နေပြီး မြစ်ရေတွေလဲ လျှံတက်လာတာကြောင့် ဇွန် ၁၂ ရက်မှာ အာဏာပိုင်တွေဟာ အဲ့ဒီဒေသမှာ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့သလို အစိုးရက အဆိုးရွားဆုံး မုန်တိုင်းဒဏ်သင့် ဒေသတွေကို သဘာဝဘေးသင့်ဒေသအဖြစ် ကြေညာထားပါတယ်။
ချီလီအာဏာပိုင်တွေရဲ့ အဆိုအရ အပူပိုင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လာအရောက်ကာနိယာ၊ ဘီယိုဘီယိုနဲ့ နူဘလ်ဒေသတွေရှိ မိသားစု ၄၀၀ ထက်မနည်းကို သူတို့ရဲ့နေအိမ်တွေကနေ ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။
ဒေသ ၃ ခုမှာ လေပြင်းတိုက်ခတ်ပြီး မိုးဆက်လက်ရွာသွန်းမယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပြီး မုန်တိုင်းဟာ ဆန်တီယာဂိုအထိ တိုးလာမှာဖြစ်ကြောင်းလည်း ဆိုပါတယ်။
ဘီယိုဘီယိုဒေသ၊ နူဘလ်ဒေသ၊ မောလ်ဒေသ၊ အိုဟစ်ဂင်းန်စ်၊ မက်ထရိုပိုလီတန်၊ ဗာလ်ပါရိုက်ဆို နဲ့ ကိုကွင်းမ်ဘို ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတွေ နီးကပ်လာတာနဲ့အမျှ ဒေသခံပြည်သူတွေ သတိထားကြဖို့ နှိုးဆော်တပ်လှန့်ထားကြောင်း ချီလီ အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ တုံ့ပြန်ရေး ဝန်ကြီးဌာန ဆီနာပရဒ်က အစီရင်ခံစာမှာ ဖတ်ကြားထားပါတယ်။
စာသင်ကျောင်းတွေကိုလည်း ယာယီပိတ်ထားပါတယ်။ ဆီနာပရဒ်ရဲ့ ဒါရိုက်တာ အယ်လီစီယာ ဆက်ဘရီယန် ရဲ့ အဆိုအရ ဘီယိုဘီယိုဒေသမှာ လူပေါင်း ၄၈၀ ဘေးသင့်ခဲ့ပြီး နေအိမ် ၁,၂၆၄ လုံး အသေးစားပျက်စီးကာ ထိခိုက်မှုအခြေအနေကို အကဲဖြတ်နေတဲ့ နေအိမ် ၆၃၃ လုံး တို့နဲ့အတူ အကြီးကျယ်ဆုံးပျက်စီးမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
နူဘလ်ဒေသ နေအိမ် ၂၁ လုံး ပျက်စီးခဲ့ပြီး အရောက်ကာနိယာ ဒေသမှာ နေအိမ် ၁၇ လုံး ထိခိုက်ခဲ့ကြောင်းလည်း သိရပါတယ်။
Source-Reuters
Photo-Reuters