စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွင်း တမြို့နယ်လုံးမှာ အခြေခံပညာကျောင်း ၈ ကျောင်းသာ ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အင်းတော်မြို့နယ်မှာ ဇွန် ၃ ရက်ကစတင်ဖွင့်လှစ်နိုင်တဲ့ကျောင်းတွေကတော့ မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း ၂ ကျောင်းနဲ့ နန်းခင်ကျေးရွာ၊ အင်းကျေးရွာ, လက်ပံကုန်းကျေးရွာနဲ့ ကြာအင်းကျေးရွာတွေက အခြေခံပညာ မူလတန်းကျောင်း ၄ ကျောင်း စုစုပေါင်း ၈ ကျောင်းဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် အင်းတော်မြို့ပေါ်မှာ အခြေခံပညာကျောင်းတွေအားလုံးမဖွင့်နိုင်ဘဲ ၈ ကျောင်းသာဖွင့်လှစ်နိုင်တာပါ။
ပညာရေးဌာနနဲ့ နီးစပ်တဲ့ဒေသခံတဦးက “တမြို့နယ်လုံးမှာ အခြေခံပညာကျောင်း ၈ ကျောင်းပဲ ဖွင့်နိုင်တယ်။ မြို့ပေါ်က အထက်တန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း ၂ ကျောင်းနဲ့ ကျေးရွာလေးရွာက မူလတန်းကျောင်း ၄ ကျောင်းပဲ ဖွင့်နိုင်တယ်။ ကျောင်းမဖွင့်နိုင်တဲ့ နယ်က ကျောင်းသားတွေကတော့ မြို့ပေါ်မှာ လာထားကြတာရှိတယ်"လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာလည်း မြို့ပေါ်ရှိ အခြေခံပညာကျောင်း ၄ ကျောင်းနဲ့ ကျေးရွာ မူလတန်းကျောင်း ၄ ကျောင်းသာ ဖွင့်လှစ်နိုင်ခဲ့ပြီး အခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာလည်း အဆိုပါကျောင်းတွေသာ ဆက်လက်ဖွင့်နိုင်ခဲ့ပြီး ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ပါဘူး။