စစ်ကိုင်းတိုင်း ဘုတလင် အနောက်တောင်ခြမ်းက ညောင်ကုန်းနဲ့ ညောင်သူများ ရွာကြားကို ဇွန် ၁၃ ရက် ည ၈ နာရီလောက်မှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
“ကျနော်တို့ရွာက ဇွန်လ ၁၂ ရက်နေ့က စခန်းသိမ်းတဲ့ ထီးတော်တင်ရွာနဲ့က ၃ မိုင်ပဲ ဝေးတာဆို တော့ ရွာကပြည်သူတွေက စစ်ကောင်စီ ရန်ကိုကြောက်ပြီး စစ်ဘေးကြိုရှောင်နေကြတာကို လာပစ်သွားတာ။ ပစ်တဲ့ နေရာက ညောင်ကုန်းနဲ့ညောင်သူများရွာကြား ကြဲချခဲ့တာ။ ဗုံးက ၂ လုံးဗျ ဗုံးအမျိုးအစားတော့ မသိဘူးဗျ။ သေတဲ့သူက ညောင်ကုန်းရွာလင်မယား ၂ ဦး သေတာဗျ။ အမည်က ဦးမင်းငြိမ်းနဲ့ ဒေါ်ဌေးဌေးတို့ဖြစ်တယ်ဗျ။ အသက်က ၄၈ နှစ်လောက်တော့ရှိမယ်ဗျ” လို့ ညောင်ကုန်းရွာသားတဦးက ပြောပါတယ်။
သေဆုံးသူလင်မယား ၂ ဦးမှာ သား ၃ ယောက် နဲ့ သမီးတယောက် ကျန်ရှိခဲ့တယ်လို့လည်း သိရပါတယ်။
“စစ်တပ်ရဲ့ လုပ်ရပ်တွေက ပြောစရာစကားကို မရှိတော့ပါဘူး။ သူတို့က ကျနော်တို့ကို မနိုင်တိုင်း လေယာဉ်နဲ့ အခုလို ဗုံးကြဲသတ်နေတာ။ စ(-) တွေက ပြည်သူလား၊ PDFလား မခွဲခြားတော့ဘူး။ အကြမ်းဖက်လုပ်ရပ်တွေကို ပေါ်ပေါ်တင်တင်ကြီးကို ကျူးလွန်လာတာဗျ။ ဒါတွေကို ကမ္ဘာက လက်ပိုက်ကြည့်နေကြတာ့မှာလားလို့ ကျနော်တို့ မေးချင်ပါတယ်” လို့ ဘုတလင်ဒေသခံပြည်သူ့ကာကွယရေးတပ်ခေါင်းဆောင်တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဧပြီအထိ သုံးနှစ်ကျော်ကာလအတွင်း အနောက်မြောက်တိုင်း စစ်ဒေသ ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ စုစုပေါင်းလေကြောင်း တိုက်ခိုက်မှု ၈၂၄ ကြိမ်အထိရှိခဲ့ပါတယ်။ ချင်းပြည်နယ်မှာ ၁၈၅ ကြိမ်၊ မကွေးတိုင်းမှာ ၉၆ ကြိမ်နဲ့ စစ်ကိုင်းတိုင်းမှာ ၅၄၃ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရပြီး ပြည်သူ ၆၄၃ ဦးသေဆုံးခဲ့ကာ ပြည်သူ ၅၅၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ အထိုင်ချတပ်စွဲထားတဲ့ နေရာ ၃ ခုကို ဇွန် ၁၁ ရက်၊ မနက် ၅ နာရီ၀န်းကျင်မှာ အထူးကွန်မန်ဒို PDF တပ်ဖွဲ့၀င်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်း (မုံရွာနတ်ဆိုး) ဆီကနေ သိရပါတယ်။
မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်း (မုံရွာနတ်ဆိုး) ရဲ့ တာ၀န်ခံတဦးက “မုံရွာမြို့ပေါ်က ေ-တွေ လုံခြုံရေး အထူးတင်းကျပ်ထားပြီး စစ်ကြောရေးလုပ်ထားတဲ့ မြို့တော်ခန်းမ၊ အမှတ် ၁ ရဲစခန်းနဲ့ မုံရွာစက်မှုဇုန်က အမှတ် ၂ ရဲစခန်းတွေကို ၀င်ရောက်တိုက်ခိုက်ခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေဘက်က ထိခိုက်သေဆုံးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်ပြီး အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
“ေ-တွေရှိနေတဲ့ အမှတ် ၁ ရဲစခန်းနဲ့ စက်မှုဇုန်က အမှတ် ၂ ရဲစခန်းတွေကို ကျနော်တို့ အထူးကွန်မန်ဒို ရဲဘော်တွေကနေ ၄၀ မမ ဗုံးသီး ၆ လုံး အရင်ပစ်လွှတ်ပြီးတော့ မြို့တော်ခန်းမရှေ့က ဘန်ကာထဲမှာ ကင်းစောင့်နေတဲ့ ရဲေ-တွေကိုလည်း လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ အထူးကွန်မန်ဒို ရဲဘော်တွေ၊ ညီလေးတွေကတော့ အထိအခိုက်မရှိဘဲ အောင်မြင်စွာနဲ့ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်ဗျ” လို့ မုံရွာနတ်ဆိုးရဲ့ တာဝန်ခံက ပြောပါတယ်။
တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ အမှတ် ၁ ရဲစခန်းနဲ့ မုံရွာစက်မှုဇုန်က အမှတ် ၂ ရဲစခန်းတွေကို တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုသူမရှိဘူးလို့ သိရပါတယ်။
မုံရွာ-ချောင်းဦးလမ်းပိုင်းပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ ကြေးနီတင်ကားကိုလည်း ဇွန် ၁၁ ရက် ညနေမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ကားပေါ်မှာရှိတဲ့ စစ်ဗိုလ်အပါအ၀င် ၃ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိသွားတယ်လို့ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ People's Defence Force - South Monywa တပ်ခွဲ (၁) ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“မုံရွာ-ချောင်းဦးလမ်းပိုင်းပါ်မှာ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးပြီး ပိုက်ဆံတောင်းနေတဲ့ ေ- ၄ ကောင်က ဝမ်ပေါင်ကုမ္ပဏီက ကြေးနီတင်တွဲကားပေါ်ပါလာတဲ့ စစ်ဗိုလ်ကို အလေးပြုနေချိန်မှာ အဆင်သင့်ထောင်ထားတဲ့ ပဒေသာမိုင်းကြီး ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ အလေးပြုတဲ့ ေ- ၄ ကောင်ထဲက ၂ ကောင်သေပြီး ၂ ကောင်က အပြင်းအထန်ဒဏ်ရာရသွားသလို ကားပေါ်ကဗိုလ်လည်း မိုင်းစထိမှန်ပြီး သေဆုံးသွားတယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်။”
ဒေသခံပြည်သူတွေအနေနဲ့ လမ်းပေါ်မှာ အကြမ်းဖက်စစ်သားတွေရှိနေရင် အနီးကပ်မနေဘဲ အတတ်နိုင်ဆုံးရှောင်ရှားဖို့၊ မဖြစ်မနေ ခရီးသွားလာနေရတဲ့ ခရီးသွားပြည်သူတွေ ဂရုတစိုက်သွားလာကြဖို့ ထုတ်ပြန်ကြေညာထားပါတယ်။
မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းရဲ့ တာ၀န်ခံတဦးက “ကျနော်တို့ဘက်ကနေ ေ- တွေကိုသတ်ချင်ရင် ပြည်သူကို ရှောင်ခဲ့ရတာမို့ မစ်ရှင်တွေ ခဏခဏပျက်ခဲ့ရတယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ကြေညာချက်တွေကို ဂရုတစိုက်လေ့လာလိုက်နာကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ ပြောပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် (၁၁) တပ်ရင်း၊ People's Defence Force - South Monywaတပ်ခွဲ(၁)၊ မုံရွာခရိုင်တပ်ရင်း (၁၁) တပ်ခွဲ(၃)၊ တပ်စု(၂) Youth Vigor Revolution Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်အနီးမှာရှိတဲ့ တာဝါတိုင်ကျေးရွာဘက်ကို ဇွန် ၁၂ ရက် မနက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အင်အား ၅၀ ကျော်ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ပဒေသာမိုင်းနဲ့စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆ Black Dragon GBK-PDF ရဲ့ တပ်ခွဲမှူး ရိုးမနဂါးက "စကစတွေကို ကျနော်တို့နဲ့ မဟာမိတ်အဖွဲ့တွေ အပေါ်စီးကနေ အနီးကပ်ပစ်ရတာမို့ သေတဲ့သူများပါတယ်။ မနေ့က ဝိုင်းရဲစခန်းကို ကြို့ပင်ကောက်ဘက်ကနေ စစ်ကူလာတဲ့ စစ်ကားပေါ်က လက်နက်ကြီး ၁ လက်လည်း ကြို့ပင်ကောက်မြို့ အမှတ် (၂) ကျောင်းရှေ့မှာ ကျကျန်ခဲ့တာ ဘယ်သူမှမကိုင်ရဲဖြစ်နေလို့ ပြည်သူတွေသတင်းပေးမှ ပြန်လာယူသွားပါတယ်" လို့ ပြောပါတယ်။
အဆိုပါ စစ်ကြောင်းကို ဇွန် ၉ ရက်က စစ်ကောင်စီထံ အလင်းဝင်သွားတဲ့ YOMA GBK-PDF မှ ဆလိုင်းဆိုသူ ဦးဆောင်ကာ စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။
တပ်ခွဲမှူးရိုးမနဂါးက "ဆလိုင်းနဲ့ အသေးလေးဆိုတဲ့ကောင်က YOMAGBK-PDF ကနေ ဝိုင်းစခန်းက စကစဆီ ၉ ရက်နေ့ကအ လင်းဝင်သွားပြီး ဆလိုင်းက မင်းတို့စခန်းတွေကို လူဆယ့်လေးငါးယောက် နှစ်ဆယ်နဲ့တောင် လာသိမ်းလို့ရတယ် ခြိမ်းခြောက်နေလို့ မဟာမိတ်တွေနဲ့ တိုက်ပွဲအတွက် ကြိုပြင်ဆင်ထားတာပါ။ သူဦးဆောင်ပြီး မနေ့မနက်က တာဝါဘက်ကို တက်လာလို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့က သူတို့မိုင်းကွင်းထဲအရောက်မှာ မိုင်းဆွဲလိုက်တာ” လို့ ပြောပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်အပြင် ဒရုန်းနဲ့ပါ ပြန်လည်ပစ်ခတ်တာကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က ဆုတ်ခွာခဲ့ရပေမဲ့ အထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။
အဆိုပါတိုက်ပွဲကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊တပ်ခွဲ-၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို)၊ တပ်ခွဲ-၆ Black Dragon GBK-PDF၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ-၁ YOMA GBK-PDF၊ တပ်ခွဲ-၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့နဲ့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။