ထိုင်းနိုင်ငံမှ ကရင်ပြည်နယ်၊ မြဝတီမြို့ကို ပို့ဆောင်မယ့် မိုဘိုင်းဖုန်း ၁၀၆၂ လုံးကို ထိုင်း စစ်တပ် က ဇွန် ၁၃ ရက် မနက်ပိုင်းက မဲဆောက်မြို့၊ ထပ်ဆိုင်လွတ်တိုက်နယ်၊ အမှတ် ၃ ရပ်ကွက် ထပ်အပ်ကျေးရွာမှာ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိပါတယ်။
မြဝတီမြို့မြောက်ဘက် အွန်လိုင်းကျားဖြန့်လုပ်ငန်းတနေရာသို့ လက်ကိုင်ဖုန်းတွေ ပို့ဆောင်ဖို့ ကြိုးစားနေချိန် လုံခြုံရေးကင်းလှည့်နေတဲ့ ထိုင်းစစ်တပ်က စက္ကူဖာ ၈ လုံးထဲကနေ ထောင်နဲ့ချီတဲ့ ဖုန်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။
တွေ့ရှိတဲ့ ဖုန်းတွေကို ဆက်လက်စစ်ဆေးရာ အဆင့်မြင့် လက်ကိုင်ဖုန်းဖြစ်လို့ ကျားဖြန့် အွန်လိုင်း ငွေလိုင်း လုပ်ငန်းမှာ အသုံးပြုနိုင်တယ်လို့ ထိုင်းတာဝန်ရှိသူတွေက ထင်မြင်ယူဆတဲ့အပြင် အခွန်မဆောင်တဲ့အတွက် စစ်ဆေး ဖမ်းဆီးရတာလို့ ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ်က မြန်မာဘက်မှာတော့ ထိုင်းဖုန်းတွေ သုံးကြတာရှိပေမဲ့ အခုလို့ ဖုန်းအလုံး ၁၀၀၀ အထက် မြန်မာဘက်ကို ပို့ဆောင်တာတော့ မရှိသေးပါဘူး။
အခုအချိန်မှာတော့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ပပျောက်ဖို့ ထိုင်းစစ်တပ်၊ ရဲ၊ အခွန်ဦးစီးဌာနနဲ့ သက်ဆိုင်ရာဌာနတွေပူးပေါင်းပြီး မြန်မာ-ထိုင်းနယ်စပ်မှာ ဖမ်းဆီးမှုတွေ တိုးမြှင့်လုပ်နေတာ ဖြစ်ပါတယ်။
Photo-DVB