ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ ဇွန် ၉ ရက်က ၁၂ နှစ်အတွင်း မိုးရေချိန် စံချိန်သစ် တင်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
မြဝတီမြို့နယ်မှာ ဇွန် ၉ ရက်က မိုးရေချိန် ၈ ဒသမ ၇၈ လက်မအထိ စရွာသွန်းခဲ့တာကြောင့် ၁၂ နှစ်အတွင်း စံချိန်သစ်တင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်က စံချိန်တင်ခဲ့တဲ့ မိုးရေချိန်လက်မဟာ ၄ ဒသမ ၇၂ လက်မသာ ရှိခဲ့ပြီး အခုနှစ် ဇွန် ၉ ရက်မှာတော့ ၈ ဒသမ ၇၈ လက်မအထိ စံချိန်တင်ခဲ့တာဖြစ်ပြီး စံချိန်ဟောင်းထက် နှစ်ဆနီးပါး ပိုရွာခဲ့ပြီး စခန်းဖွင့်ပြီးတဲ့ ၁၈ နှစ်အတွင်း အများဆုံး ရွာသွန်းခဲ့တာပါ။
မြဝတီမြို့ခံတဦးက “မိုးက မေ ၁ ရက်နေ့တည်းက စရွာတာ၊ ၉ ရက်နေ့မှာတော့ အများဆုံးပဲ။ လမ်းပေါ်တွေ ရေတက်သလို အနိမ့်ပိုင်းတွေဆို ရေမြုပ်သွားတယ်။ မိုးရွာတာများတော့ သောင်ရင်းမြစ်က ရေတိုးလာသလို တောင်ကျချောင်းကျတာကြောင့်ပါ ရေကြီးလာတာ။ အခုက လမ်းမတွေပေါ်မှာ ရေကျသွားပြီဆိုပေမဲ့ အနိမ့်ပိုင်းတွေမှာတော့ ရေရှိနေတုန်းပါပဲ” လို့ ပြောပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားဒေ့ရှ်ပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းတဲ့အတွက် ဇွန် ၁၂ ရက်အထိ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။