နိုင်ငံရေးပါတီတွေ၊ NCA အပစ်ရပ်လက်မှတ်ထိုးအဖွဲ့တွေ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေးဆောင်ရွက်နေတယ်လို့ စစ်ကောင်စီဘက်က ပြောဆိုနေပေမဲ့ ဒါဟာ အယောင်ပြပဲဖြစ်လိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
NCA စာချုပ်ပါ အချက်တွေအတိုင်း ဆောင်ရွက်နေသလို ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး မကြာခင်မှာ နိုင်ငံရေးပါတီတွေ၊ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင်က ဇွန် ၈ ရက် စည်းအဝေးမှာ ပြောဆိုခဲ့တာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ စစ်ကောင်စီလုပ်မယ့် ဆွေးနွေးပွဲတွေဆိုတာက အပေါ်ယံပဲဖြစ်ပြီး ဘာမှ မျှော်လင့်လို့ရမှာမဟုတ်ဘူးလို့ ပြောပါတယ်။
"ဘာမှ မျှော်လင့်လို့မရပါဘူး။ အခုက ဒီလိုလေ။ စစ်တပ်ရဲ့ အခြေခံ အတွေးအခေါ်က စေ့စပ်ဆွေးနွေးရေးတို့ ငြိမ်းချမ်းရေးတို့ ဘာရေး၊ ညာရေးတို့ ပြောတာ အပေါ်ယံပဲ။ သူ့အခြေခံစိတ်က လုပ်နေတာတွေကို ကြည့်ရတာ နှစ်ခုဗျ။ ကျမလည်း အကြိမ်ကြိမ်တော့ ပြောပြီးပါပြီ။ တခုဘာလဲဆိုတော့ ပြည်သူလူထုကို ပိုပြီး ရက်ရက်စက်စက်နှိပ်စက်ပြီး သတ်ဖြတ်ပြမယ်ဆိုတဲ့ဟာ။ ဒုတိယက ကျမတို့ တော်လှန်ရေးအင်အားစုတွေ ကြားထဲမှာ အကွဲကွဲအပြဲပြဲဖြစ်အောင် လုပ်မယ့်ဟာ။ ဒီနှစ်ခုကို သူအဓိက ထားလုပ်မှာပဲ။”
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း စစ်ကောင်စီရဲ့ ဆွေးနွေးပွဲတွေဆိုတာဟာ သူတို့နဲ့ လက်သင့်တဲ့အဖွဲ့တွေနဲ့ တွေ့ဆုံတဲ့ပွဲတွေပဲ ဖြစ်လာမှာဖြစ်ပြီး ဘာရလဒ်မှ ထွက်လာမှာ မဟုတ်သလို ပြည်သူတွေလိုလားတဲ့ စကားဝိုင်းတွေဖြစ်လာမှာလည်းမဟုတ်ဘူးလို့ ဆိုပါတယ်။
"အဲဒီဆွေးနွေးပွဲတွေကတော့ ပြည်သူတွေလိုလားတဲ့ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးအတွက် ဆွေးနွေးစရာ စကားဝိုင်းတွေ ဖြစ်လာမှာ မဟုတ်ပါဘူး"
အလားတူ တကယ်တိုက်နေတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ဆိုတာက လက်ရှိ အနေအနေထားတွေအရ ဖြစ်လာနိုင်စရာမရှိဘူးလို့လည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။
စစ်ကောင်စီခေါင်းဆောင်ကတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တချို့နဲ့ ယာယီ အပစ်အခတ်ရပ်ထားတဲ့ အဖွဲ့တချို့က သဘောတူညီချက်တွေကို ချိုးဖောက်နေပေမဲ့ ပြည်ထောင်စုအကျိုးအတွက် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေပြီး ခုခံကာကွယ်ရုံကလွဲပြီး လက်နက်ကိုင်အင်အားစုတွေရဲ့ တပ်စခန်းတွေကို တိုက်ခိုက်တာတွေ မလုပ်ဘူးလို့ ပြောဆိုထားပါတယ်။
မြေပြင်ပကတိအခြေအနေတွေအရတော့ စစ်ကောင်စီက အရပ်သားပစ်မှတ်တွေနဲ့ ယာယီအပစ်ရပ်ထားတဲ့ အဖွဲ့တွေရဲ့ တပ်စခန်းတွေကို ဉီးတည်ပစ်ခတ်တာတွေ တောက်လျှောက်ရှိနေပါတယ်။
ထက်အောင်