ကရင်နီ(ကယား)ပြည်နယ်မှာ စစ်ကောင်စီစစ်ကြောင်းတွေ ထိုးလာနေပြီး ဒီးမော့ဆိုက စစ်ရှောင်တွေဟာ ထပ်ပြီးရှောင်စရာ နေရာမရှိတော့မှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။
လွိုင်ကော်၊ ဖားဆောင်း၊ မိုးဗြဲ စတဲ့မြို့တွေမှာ ကျန်ရှိနေသေးတဲ့ တပ်တွေက စစ်ကြောင်းတွေ ထွက်လာတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပြီး လက်နက်ကြီးတွေနဲ့လည်း ဒီးမော့ဆို အနောက်ခြမ်းဘက်ကို ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “စစ်ကြောင်းတွေ တအားထိုးလာတယ်တော့ ကြားတယ်။ ဒီဘက်လည်း ဒလန်တွေ တအားများနေပြီရော။ ဘယ်ပြေးရမှန်းကို မသိတာ။ ဟိုရက်ကလည်း လေယာဉ်နဲ့ လာကြဲတယ်။ တောထဲပဲ ကျတယ်။ ခဏကြာတော့ လက်နက်ကြီးနဲ့ ထပ်ပစ်တယ်။ ဒီ ဒီးမော့ဆို အနောက်ထိ ဝင်မယ်ပြောတာပဲ။ စစ်ကြောင်းက လွိုင်ကော်၊ မိုးဗြဲ၊ ဖားဆောင်း အမျိုးမျိုး ပြောနေကြတယ်” လို့ ပြောပါတယ်။
ဒေသခံတွေ အရေးပေါ်တိမ်းရှောင်ဖို့နဲ့ တိုက်ပွဲအခြေအနေကိုတော့ လက်နက်ကြီး အန္တရာယ်ကြောင့် ပြောလို့မရသေးဘူးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။
“ဒေသခံတွေ စစ်ရှောင်ဖို့ကိစ္စကိုတော့ ကျနော်တို့အနေနဲ့ ဖြေပေးလို့ အဆင်မပြေသေးဘူး။ တိုက်ပွဲကလည်း ဘယ်လိုလာမယ်ဆိုတာ မသိသေးဘူး။ ဒေသခံတွေ ရှောင်ဖို့ကို ကြိုပြောဖို့ ကျတော့လည်း လက်နက်ကြီးက လာဦးမယ်။ တိုက်ပွဲအခြေအနေကလည်း အတိအကျ မသိရသေးပါဘူး” လို့ ပြောပါတယ်။
ကရင်နီပြည်နယ်မှာ ၂၀၂၁ ခုနှစ်၊ မေ ၂၁ ရက်နေ့ကတည်းကစလို့ တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် ဒေသခံ ၃ သိန်းကျော်ဟာ စစ်ဘေးလွတ်ရာတွေကို တိမ်းရှောင်ခဲ့ရပြီး ၃ နှစ်ကျော် ကြာတဲ့အထိ ဆက်လက် တိမ်းရှောင်နေရဆဲဖြစ်ကာ စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘုရားကျောင်း၊ စာသင်ကျောင်း၊ ရပ်ရွာတွေထဲကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်တာတွေကို ပြုလုပ်နေပါတယ်။