Home
မြန်မာသတင်း
ဆေးရုံတက်နေသော မြန်မာအလုပ်သမားအား ပစ်သတ်သူမှာ ထိုင်းရဲဖြစ်နေ 
DVB
·
June 8, 2024
ရဲတပ်ကြပ်ကြီး ဝိရဖုန်း ဘိုယင်း

ထိုင်းအရှေ့မြောက်ပိုင်း ခွန်ကဲန်ခရိုင် ခွန်ကဲန်ဆေးရုံကြီးမှာ ပြီးခဲ့တဲ့ ဇွန် ၆ ရက်ညက ဆေးရုံတက်နေတဲ့ အသက် ၂၉ နှစ်ရွယ် ကျော်စွာအောင်ဆိုသူ မြန်မာအလုပ်သမား ၁ ဦး သေနတ်ပစ်ခံရလို့ သေဆုံးခဲ့ပါတယ်။ 

တာဝန်ရှိသူတွေက လူသတ်သမားကို ဆုငွေထုတ်ပြီး အပူတပြင်းလိုက်လံရှာဖွေရာမှာ အဆိုပါ လူသတ်သမားမှာ ခွန်ကဲန်ခရိုင် ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီးတဦးဖြစ်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

စီစီကင်မရာက ရိုက်ယူထားတဲ့အရုပ်တွေ သတင်းမီဒီယာမှာတက်လာပြီးတဲ့နောက် အဲဒီလူဟာ ခွန်ကဲန်ခရိုင် ဖရယင့်နယ်မြေရဲစခန်းက ရဲတပ်ကြပ်ကြီး ဝိရဖုန်း ဘိုယင်း ခေါ် နိုင်းတိတ် ( ၃၅ နှစ်) ဆိုသူဖြစ်ကြောင်း သူ့ရဲ့ မိခင်၊ ဇနီး နဲ့ လုပ်ဖော်ကိုင်ဖက်တွေက တထစ်ချသိလိုက်ပါတယ်။ 

မိသားစုဝင် နဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဖိအားပေးတာကြောင့် လူသတ်သမားဟာ ဒီကနေ့ (ဇွန် ၈ ရက်) မနက်က ခွန်ကဲန်ခရိုင်ရဲစခန်းမှာ လူကိုယ်တိုင်လာရောက်အဖမ်းခံခဲ့တယ်လို့ ဆိုပါတယ်။ 

ရဲတွေက သူ့ကိုဖမ်းပြီး အချုပ်ခန်းသို့ ခေါ်ဆောင်လာစဉ် သတင်းထောက်တွေက တယောက် တမျိုးမေးမြန်းခဲ့ပေမယ့် တခွန်းမှ ပြန်မဖြေခဲ့ပါဘူး။ 

စုံစမ်းစစ်ဆေးရဲတပ်ဖွဲ့ဝင်တွေက သူ့ကိုနာရီပေါင်းများစွာစစ်ဆေးခဲ့ရာမှာ သူက သေဆုံးသူမြန်မာ လုပ်သားနဲ့  ယခင်က မသိကျွမ်းခဲ့ဖူးကြောင်း၊ မြင်တာနဲ့ကြည့်မရလို့ ပစ်လိုက်တာ၊ သူ့ကိုယ်သူ ဘာလုပ်မိလဲတောင် မသိဘူးလို့ ဝေ့လည်ကြောင်ပတ် ဖြေဆိုခဲ့ပါတယ်။ သူ့ကို ဆီးစစ် လိုက်ရာမှာတော့ ခရမ်းရောင်ထွက်ပြီး မူးယစ်ဆေးသုံးထားတယ်လို့ ခွန်ကဲန်ခရိုင်ရဲမှူး အနုဝပ် ဆုဝမ်နဖုမ်းက သတင်းထောက်တွေကို ပြောပါတယ်။ 

မိသားစုဝင်တွေကတော့ နိုင်းတိတ်ဟာ ဒီမတိုင်ခင်က စိတ်ကျရောဂါရှိပြီး ဆေးအမြဲသောက်နေရ တယ်၊ ဆေးမသောက်ရရင် မူမမှန်တဲ့ လက္ခဏာပေါ်တယ်၊  သူ့ရဲ့ဖခင်ဟာလည်း အဲဒီဆေးရုံမှာ တက်ရောက်ကုသနေပြီး ဒီမတိုင်ခင်က  သေဆုံးသူနဲ့ ခုတင်ချင်း ကပ်လျက်နေခဲ့တယ်၊ ဒါပေမဲ့ သေဆုံးသူ မြန်မာလုပ်သား အိပ်ရင်ဟောက်သံကျယ်လို့ အဖေက ခုတင်ပြောင်းလိုက်ရတာ ရှိတယ်၊ သူကအဲဒါကိုအမှတ်ထားပြီး ပစ်တာလားမသိဘူးလို့  ပြောပါတယ်။ 

အဲဒီအခန်းထဲက လူနာတွေကတော့ သေဆုံးသူ မြန်မာဟာ အခန်းထဲကလူတွေနဲ့ ဘာပြဿနာမှ မရှိကြောင်း၊ သူတပါးကိုကူညီစိတ်ရှိတယ်၊ အလေးအပင်တွေ မ, ကူပေးသေးတယ်၊ သေနတ်သ မားက ဆေးကြောင်နေသလိုပဲလို့ ထွက်ဆိုကြပါတယ်။ 

ရဲတပ်ဖွဲ့ကတော့ သူသုံးထားတဲ့ မူးယစ်ဆေးအမျိုးအစားကို ပြန်လည်ဓာတ်ခွဲကြည့်မှာဖြစ်ပြီး မူးယစ်ဆေးရလာတဲ့နေရာကို ဆက်လက်စုံစမ်းအရေးယူသွားမယ်၊ သူ့ကိုတော့ လောလောဆယ် တမင်ကြံရွယ် လူသတ်မှု၊ လက်နက်မှု၊ ဝန်ထမ်းကျင့်ဝတ် ဆိုးရွားစွာဖောက်ဖျက်မှုတွေနဲ့ ကနဦး စွဲချက်တင်ထားတယ်လို့ ပြောသွားပါတယ်။ 

ကိုးကား - 3 Plus News /MGR Online

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013