Home
မြန်မာသတင်း
မူဝါဒ အပြောင်းအလဲကြောင့် တရုတ်နယ်စပ်ဖြတ်ကျော်ရန် ခက်ခဲ
DVB
·
June 8, 2024

တရုတ် - မြန်မာ နယ်စပ်မူဝါဒ အပြောင်းအလဲကြောင့် အထောက်အထား စာရွက်စာတမ်းတွေ ရဖို့ ခက်ခဲနေတယ်လို့ တရုတ်ဘက်မှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ မြန်မာလုပ်သားတွေဆီက သိရပါတယ်။

ရွှေလီမှာ ကျောက်စိမ်းအရောင်းဆိုင် ဖွင့်ထားသူတယောက်က “‌တရုတ်ဘက်မှာ မြန်မာနိုင်ငံသားတွေ အတွက် တော်တော် ဒုက္ခရောက်တယ်။ အခုချိန် ဗီဇာ၊ ပတ်စ်ပို့က ခက်တာနဲ့။ ဗီဇာ လျှောက်ရ ခက်တာနဲ့။ မူဆယ်ခရိုင်ပြင်ပကဆိုရင် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီလည်း မလုပ်ပေးဘူး” လို့ ပြောပါတယ်။

တခါသုံးကတ်နဲ့ ဝင်မယ်ဆိုရင်တောင် တိုကင်ယူပြီး ရက် ၂၀ ဝန်းကျင်စောင့်ဆိုင်းရသလို မူဆယ်ဘက်မှာ နေစရိတ်၊ စားစရိတ်နဲ့ မလွယ်တဲ့အပြင် ၇ ရက်တခါ ပြန်ထွက်ရတာကြောင့် တရုတ်ဘက် ကိုယ်ပိုင် အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေ ခက်ခဲ ဒုက္ခ ရောက်နေတယ်လို့ သူက ပြောပါတယ်။

မြန်မာလုပ်သားတွေအနေနဲ့ တရုတ်ဘက်မှာ အလုပ်လုပ်မယ်ဆိုရင်လည်း တရုတ်ဘက်က အရင်တုန်းကလို မဟုတ်တော့ဘဲ မူဝါဒတွေ ပြောင်းလဲလိုက်တော့ အလုပ်လုပ်ရဖို့ စာရွက်စာတမ်းတွေ လုပ်တာမှာ အနည်းဆုံး တရုတ်ယွမ် ၁,၅၀၀ ကျော်နဲ့အထက် ကုန်ကျရတယ်လို့ ရွှေလီမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား အမျိုးသမီးတယောက်က ပြောပါတယ်။

တရုတ်ဘက်က အလုပ်ရှာဖွေရေးနဲ့ အထောက်ထားတွေဖြစ်တဲ့ နေထိုင်ခွင့်စာအုပ်၊ ကျန်းမာရေး စာအုပ်၊ အလုပ်သမားစာအုပ်နဲ့ ဧည့်စာရင်းတိုင်ထားတဲ့ QR Code လုပ်တာတွေအတွက် ကုမ္ပဏီ ၃ ခုကို ကန်ထရိုက်ပေးထားတာကြောင့် ကိုယ်တိုင်လည်း လုပ်လို့မရတော့ဘူးလို့ သူက ပြောပါတယ်။

“တရုတ်ဘက်က အထောက်အထားတွေလုပ်တာ အကုန်လုံး တရုတ်ငွေ ၁၅၇၄ ယွမ် (ကျပ် ၁၀ သိန်းနီးပါး) ဟုတ်တယ်။ ရွှေလီနဲ့ တခြားနေရာနဲ့ မတူဘူး။ အခုက အထောက်အထား လုပ်ပေးတာနဲ့ အလုပ် ရှာပေးတာ ပေါင်းသွားတာ။ နေထိုင်ခွင့်က ပထမ အကြိမ် ၆ လ ရတယ်။ အလုပ်သမားကတ်က ၁ နှစ်စာရတယ်။ နောက်တခုက ကျန်းမာရေးကတ်ပေါ့။ အရင်တုန်းကလိုဆိုရင် ပိုက်ဆံပေးစရာ မလိုဘူး။ အခုက အခွန်ဆောင်ရတဲ့ သဘောပါပဲ” လို့ သူက ရှင်းပြပါတယ်။

တရုတ်ဘက်က အလုပ်သမားကတ်အတွက် တလ ယွမ် ၁၀၀ နှုန်းနဲ့ တနှစ်စာ ယွမ် ၁၂၀၀ ပေးရပြီး မြန်မာဘက်ခြမ်းလည်း တလတခါ တံဆိပ်တုံးသွားထုရင် ယွမ် ၁၀၀ နှုန်း ပေးရတာကြောင့် တနှစ်စာ ယွမ် ၁၂၀၀ ကျတယ်လို့ ဆိုပါတယ်။

“တနှစ်ကို အနည်းဆုံး ယွမ် ၂၄၀၀ က သူတို့ကို ပေးရတယ်။ မြန်မာဘက်လည်း တရက် ရက်လွန်ရင် ယွမ် ၂၀ နှုန်းနဲ့ တွက်ယူတယ်” လို့ သူက ပြောပါတယ်။

မြန်မာလုပ်သားတယောက် တရုတ်ဘက်မှာ အလုပ်လုပ်ရဖို့၊ အထောက်အထား‌တွေရရှိဖို့ တရုတ်ဘက်ရောက်တာနဲ့ သိန်းဆယ်ချီရင်းနိုင်မှသာ အလုပ်လုပ်ခွင့်ရတော့တာကြောင့် ခက်ခဲနေတာလို့ ရွှေလီရောက် အမျိုးသားတယောက်ကလည်း ပြောပါတယ်။

နယ်စပ်ယာယီဖြတ်သန်းခွင့် တခါသုံးကတ်နဲ့ တရုတ်ဘက်ဝင်ရောက်လာတဲ့ မြန်မာ လုပ်သားတွေလည်း ခု နောက်ပိုင်း တရုတ်ဘက် ဝင်ခွင့်မရလို့ ပြန်လှည့်နေရသူတွေ ရှိနေတယ်လို့ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီ တံဆိပ်တုံးလာထုတဲ့ မြန်မာလုပ်သားတယောက်ကလည်း ပြောပါတယ်။

“တရုတ်ဘက်ဝင်တဲ့လူက ကြည့်ရတာ လျော့တာ မရှိသလိုပဲ။ အခုက တခါသုံးကတ်နဲ့ ဝင်လာသူတွေ အများစု ဝင်ရခက်တယ်ထင်တယ်။ ကျမနဲ့ အတူတူ ၅ ယောက် ဝင်လာတာ ၅ ယောက် စလုံး ပြန်ထွက်ရတယ်။ အဲဒီ တတန်းလုံး တန်းစီနေတဲ့ထဲက တယောက်ပဲ ဝင်လို့ရတယ်” လို့ သူက ပြောပြပါတယ်။

တရုတ်ဘက် နှစ်ကြာနေထိုင်ပြီး နေထိုင်ခွင့်သက်တမ်းကုန်လွန်လို့ ထွက်လာသူတွေလည်း နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီနဲ့ပဲ ပြန်ဝင်လို့ရပြီး နယ်စပ်ယာယီ ဖြတ်သန်းခွင့် တခါသုံးကဒ်နဲ့ ဝင်ခွင့် ၃ လ ပိတ်ထားတာကြောင့် အခက်အခဲ ဖြစ်နေတယ်လို့ တရုတ်ဘက်မှာ ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်နေတဲ့ အမျိုးသားတယောက်က ပြောပါတယ်။

“စာအုပ်အနီ လုပ်ရင် UID (စမတ်ကဒ်) လိုတယ်ဆိုလို့ သွားယူထားတယ်။ မူဆယ် ခရိုင်ဒေသခံ မဟုတ်တော့ စာအုပ်အနီက လုပ်မပေးဘူး။ ပွဲစားတွေက ရတယ်ဆိုပြီး သိန်း ၈၀ တောင်းတယ်။ ဒါလည်း မသေချာဘူး။ ကျနော်တို့က လုပ်ငန်းနဲ့ဆိုတော့ မဝင်လို့လည်း မရဘူး။ တခါသုံးနဲ့ ၃ လ စောင့်ဆိုလည်း စောင့်ရတော့မှာပေါ့။ ပတ်စ်ပို့ဗီဇာကလည်း ချက်ချင်း မရနိုင်ဘူး” လို့ ပြောပါတယ်။

တရုတ်ဘက်က မူဝါဒ မကြာခဏပြောင်းလဲသလို နှစ်နိုင်ငံ နယ်စပ်မူဝါဒတွေလည်း အပြောင်းအလဲ ရှိတာကြောင့် တရုတ်နယ်စပ်မှာ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေရသူတွေ ပိုမိုခက်ခဲလာရတာလို့ သွားလာလုပ်ကိုင်နေကြသူတွေက ဆိုပါတယ်။

လက်ရှိမှာတော့ မြန်မာနဲ့ တရုတ် နှစ်နိုင်ငံနယ်နိမိတ် ထိစပ်နေတဲ့ ခရိုင်အတွင်းက ဒေသခံတွေကိုပဲ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် ထုတ်ပေးနေတာဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် ရှိသူတွေပဲ တရုတ်ဘက်မှာ တရားဝင် အလုပ်လုပ်ခွင့်ပြုတာ ဖြစ်ပါတယ်။

တရုတ်ဘက်မှာ နေထိုင်အလုပ်လုပ်‌ပြီး နေထိုင်ခွင့် သက်တမ်းကုန်လွန်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြီးခဲ့တဲ့ ဧပြီလကစလို့ မြန်မာဘက် ပြန်ထွက်ပြီး အထောက်အထားအသစ်နဲ့ တရုတ်ဘက် ပြန်ဝင်လာကြဖို့ တရုတ်ဘက်က အသိပေး ထုတ်ပြန်ထားကာ နေထိုင်ခွင့် သက်တမ်း ကုန်လွန်နေသူတွေကိုလည်း တရုတ်ဘက်က နေ့စဉ်နီးပါး ဖမ်းဆီးပြီး မြန်မာဘက် ပြန်ပို့နေတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013