ရိုမေးနီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အိမ်ဆောက်ပစ္စည်း စတိုးဆိုင်ခွဲတခုမှာ ဇွန် ၇ ရက် သောကြာနေ့က ပေါက်ကွဲမှုနဲ့ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောကြားခဲ့ပါတယ်။
ဘိုတိုဆာနီ မြို့အစွန်ရှိ ဒီဒီမန်အရောင်းဆိုင်မှာ ပေါက်ကွဲမှု အရင်ဖြစ်ပွားပြီးနောက်မှာ မီးလောင်မှုဖြစ်ခဲ့တာလို့ အစိုးရ အရေးပေါ် တုံ့ပြန်ရေး အေဂျင်စီက ပြောပါတယ်။
ဒဏ်ရာရသူ ၄ ဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပြီး သူတို့ကို အရှေ့ပိုင်း လာစီမြို့နဲ့ မြို့တော် ဘူခါရက်စ်ရှိ ဆေးရုံတွေကို ပို့ဆောင်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ပေါက်ကွဲမှုအပြီးမှာ လူပေါင်း ၁၀၀ ကျော် လွတ်မြောက်နိုင်ခဲ့ကြောင်းလည်း အာဏာပိုင်တွေက ပြောဆိုပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ မီးတောက်တွေကို ငြှိမ်းသတ်ခဲ့ပြီးနောက် အဆောက်အအုံအတွင်းမှာ တခြားသေဆုံးဒဏ်ရာရသူတွေကို မတွေ့ရှိခဲ့ပါဘူး။
ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
Source: Reuters