Home
သုံးသပ်ချက်
ယူရို ၂၀၂၄ ပြိုင်ပွဲဝင်အသင်းများအပေါ် လေ့လာသုံးသပ်ချက် (အုပ်စု F)
DVB
·
June 8, 2024
Photo -REUTERS

ယူရိုချန်ပီယံဟောင်း ပေါ်တူဂီ ပါဝင်နေတဲ့ အုပ်စု F

အုပ်စု F မှာ ၂၀၁၆ ယူရိုချန်ပီယံ ပေါ်တူဂီအသင်းက ချက်၊ တူရကီ၊ ဂျော်ဂျီယာ အသင်းတွေနဲ့ တအုပ်စုတည်း တွေ့ဆုံနေပါတယ်။

ပေါ်တူဂီအသင်းဟာ ခြေစစ်ပွဲအဆင့်မှာတုန်းက ၁၀ ပွဲကစား ၁၀ ပွဲနိုင် ရလဒ်နဲ့ ရာနှုန်းပြည့် နိုင်ပွဲရယူပြီး ခြေစစ်ပွဲ အောင်မြင်လာခဲ့တာပါ။ ယူရိုပြိုင်ပွဲကို ၉ ကြိမ်မြောက် ယှဉ်ပြိုင်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တာက ပေါ်တူဂီအသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ဥရောပချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့တာပါ။

အသက် ၃၉ နှစ်ရှိ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ အခုနှစ် ယူရိုပြိုင်ပွဲမှာ ဆက်လက်ကစားဦးမှာ ဖြစ်တာကြောင့်  ယူရိုပြိုင်ပွဲကို ၆ ကြိမ်မြောက် ယှဉ်ပြိုင်ကစားခွင့် ရရှိခဲ့တာပါ။

ရော်နယ်ဒိုဟာ ယူရိုပြိုင်ပွဲ သမိုင်းမှာ ၁၄ ဂိုးသွင်းထားပြီး ဂိုးအများဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်ထားသလို ပွဲကစားတဲ့ အရေအတွက်မှာလည်း ၂၅ ပွဲအထိ ကစားပေးနိုင်ခဲ့ပါတယ်။

နည်းပြချုပ်အဖြစ် ဘယ်လ်ဂျီယံအသင်းကို တာဝန်ယူခဲ့တဲ့ စပိန်နည်းပြ မာတီနက်ဇ်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ စတင်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

ရှေ့၊ လယ်၊ နောက် နေရာအစုံမှာ ကစားသမားကောင်းတွေ ရှိနေတဲ့ ပေါ်တူဂီအသင်းဟာ အုပ်စုအဆင့်ကို လွယ်ကူစွာနဲ့ ကျော်ဖြတ်သွားနိုင်ဖို့ များနေပါတယ်။

ချက်

ခြေစစ်ပွဲအဆင့်မှာ ၄ ပွဲနိုင်၊ ၃ ပွဲရှုံး၊ ၁ ပွဲသရေရလဒ် ရရှိခဲ့တဲ့ ချက်အသင်းဟာ ရလဒ်အကောင်းကြီး မဟုတ်ခဲ့ဘဲ အုပ်စုဒုတိယနေရာကနေ ခြေစစ်ပွဲအောင်ဖို့တော့ လုံလောက်ခဲ့ပါတယ်။

ယူရိုပြိုင်ပွဲကို ၁၁ ကြိမ်မြောက် ဝင်ပြိုင်မယ့် ချက်အသင်းဟာ ဆလိုဗက်ကီးယားအသင်း ရှိစဉ်ကတော့ ၁၉၇၆ ခုနှစ်မှာ ချန်ပီယံဖြစ်တဲ့အထိ အောင်ပွဲခံနိုင်ခဲ့ဖူးပါတယ်။ နည်းပြချုပ်အဖြစ် ချက်နည်းပြ အိုင်ဗန်ဟက်ဆက်က အခုနှစ် မတ်လကတည်းက စတင်တာဝန်ယူခဲ့တာပါ။

ပေါ်တူဂီ ပါဝင်နေတဲ့အပြင် တူရကီရဲ့ ကစားပုံကလည်း မာကျောမှုရှိတာကြောင့် ချက်အသင်းအတွက် နောက်တဆင့်တက်ဖို့ အမှားမခံနိုင်တဲ့ အခြေအနေလို့ ဆိုရမှာဖြစ်ပါတယ်။

တူရကီ

တူရကီဟာ ခြေစစ်ပွဲအဆင့်မှာ ၈ ပွဲကစား ၅ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံးရလဒ်နဲ့  အုပ်စုပထမ နေရာကနေ ထိုက်ထိုက်တန်တန် ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။

ယူရိုပြိုင်ပွဲကို ၆ ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်းခဲ့တာက အမြင့်ဆုံးအောင်မြင်မှု ဖြစ်ပါတယ်။

နည်းပြအဖြစ် အီတလီနည်းပြ မွန်တဲလားက တာဝန်ယူ ကိုင်တွယ်နေပြီး နိုင်ငံအသင်းနည်းပြအဖြစ် ပထမဆုံးအကြိမ် တာဝန်ယူခဲ့တာ ဖြစ်ပေမဲ့ တူရကီအသင်းကို တော့င်တင်းတဲ့ အသင်းတသင်းအဖြစ် တည်ဆောက်နိုင်ခဲ့ပါတယ်။

ပေါ်တူဂီကို အုပ်စုပထမနေရာ ပေးထားမယ်ဆိုရင် တူရကီအသင်းက ချက်နဲ့အပြိုင် အုပ်စုဒုတိယနေရာရဖို့ အပြိုင်လုကြရမှာ ဖြစ်ပါတယ်။

ဂျော်ဂျီယာ

အခုနှစ် ယူရိုပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်ခဲ့တဲ့ ဂျော်ဂျီယာအသင်းဟာ ပေါ်တူဂီကလွဲရင် ကျန်နှစ်သင်းကို ကောင်းကောင်းခံကစားနိုင်စွမ်း ရှိနေတယ်။

ပလေးအော့ဖ် အဆင့်ကနေ ခြေစစ်ပွဲ အောင်မြင်လာတဲ့ အသင်းတွေထဲက တသင်းဖြစ်ပြီး ဖျက်မြင်းအသင်းလို ဖြစ်လာနိုင်ပါတယ်။ နည်းပြချုပ်အဖြစ် အီတလီနည်းပြ ဝီလီဆန်ညောက တာဝန်ယူ ကိုင်တွယ်နေပြီး ဒီနှစ် ယူရိုပြိင်ပွဲက ဂျော်ဂျီယာအသင်းအတွက် မှတ်ကျောက်တင်ခံရမယ့်ပြိုင်ပွဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပေါ်တူဂီ အပါအဝင် ချက်နဲ့ တူရကီ အသင်းတွေကို ယှဉ်နိုင်ဖို့တော့ လိုအပ်ချက်ရှိနိုင်ပြီး အုပ်စုအဆင့်ကနေ ကျော်လွန်နိုင်ဖို့ ခက်ခက်ခဲခဲ ကစားသွားရနိုင်ပါတယ်။

source-UEFA

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013