Home
နိုင်ငံတကာ
နျူးကလီးယားလက်နက်သုံးနိုင်ခြေရှိဟု ရုရှားသမ္မတပူတင် သတိပေး
DVB
·
June 6, 2024
Photo-Reuters

ရုရှားရဲ့ ပိုင်နက်နယ်မြေနဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်ခံရရင် နျူးကလီးယား လက်နက်တွေကို ရုရှားက သုံးနိုင်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇွန် ၅ ရက်မှာ အနောက်နိုင်ငံတွေကို သတိပေးလိုက်ပါတယ်။

ယူကရိန်းအပေါ် နျူးကလီးယားစစ်ပွဲ ဆင်နွှဲနိုင်ခြေ ဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ပူတင်က အနောက်နိုင်ငံတွေဟာ ရုရှားကို နျူးကလီးယားလက်နက် တပြပြနဲ့ ခဏခဏ ခြိမ်းခြောက်နေတဲ့နိုင်ငံအဖြစ် ထပ်ခါတလဲလဲ စွပ်စွဲခဲ့ပြီးပြီ၊ ဒါပေမဲ့ အဲဒါက မှားနေပြီး အမေရိကန်ကသာ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်အပေါ် နျူးကလီးယားလက်နက် သုံးခဲ့တာလို့ ပူတင်က တုံ့ပြန်ပြောဆိုပါတယ်။

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ နိုင်ငံတကာ သတင်းဌာနတွေရဲ့ အကြီးတန်း အယ်ဒီတာတွေနဲ့ တွေ့ဆုံရာမှာ ပူတင်က ခုလိုပြောခဲ့တာပါ။

ရုရှားရဲ့ နျူးကလီးယားလက်နက်ဆိုင်ရာ လက်ခံကျင့်သုံးတဲ့ မူဝါဒမှာ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ရာမှာသာ သုံးဖို့ ခွင့်ပြုထားတယ်လို့ ပူတင်က ပြောပါတယ်။ ရုရှားဟာ NATO အဖွဲ့ဝင် နိုင်ငံတွေကို တိုက်ခိုက်ဖို့ အစီအစဉ် မရှိဘူးလို့လည်း သူက ထပ်ပြောပါတယ်။

ရုရှားကို တာဝေးပစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ယူကရိန်းကို ခွင့်ပြုတဲ့ အနောက်နိုင်ငံတွေ အပေါ် တိုက်ရိုက် အလားတူတုံ့ပြန်ဖို့ ရုရှားအစိုးရက စဉ်းစားမယ်လို့လည်း ပူတင်က ပြောပါတယ်။

“ပထမဆုံးအနေနဲ့ ဒုံးကျည်တွေကို ဖျက်ဆီးဖို့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို တိုးတက်အောင်လုပ်မယ်၊ ဒုတိယအနေနဲ့ ကျနော်တို့ပိုင်နက်ကို ပစ်ခတ်ပြီး ကျနော်တို့ကို ပြဿနာရှာဖို့ တိုက်ခိုက်ရေးဇုန်ဆီ လက်နက်တွေပံ့ပိုးဖို့ တွေးနေတဲ့သူတွေကို ကျနော်တို့က ဘာကြောင့် အလားတူ တုံ့ပြန်ဖို့ အခွင့်အရေး မရှိရမှာလဲ၊ ရုရှားအပေါ် ဒါမျိုးလာလုပ်တဲ့ နိုင်ငံတွေရဲ့ အထိပါးမခံနိုင်တဲ့ ပံ့ပိုးမှု အင်္ဂါရပ်တွေကို ကမ္ဘာပေါ် ဘယ်ဒေသမှာပဲရှိရှိ အလားတူအဆင့်အတန်းရှိတဲ့ ကျနော်တို့လက်နက်တွေ ပြန်ပံ့ပိုးဖို့ ကျနော်တို့မှာ အခွင့်အရေး ရှိပါတယ်” လို့ ပူတင်က ဆက်ပြောခဲ့ပါတယ်။

တချိန်တည်းမှာပဲ အနောက်အာဖရိကနိုင်ငံဖြစ်တဲ့ ဘာကီနာဖာဆိုရဲ့ ကာကွယ်ရေးစွမ်းရည် မြှင့်တင်ဖို့နဲ့ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့အတွက် ရုရှားနိုင်ငံဟာ နောက်ထပ် စစ်ဘက်ဆိုင်ရာ အထောက်အပံ့တွေနဲ့ သင်တန်းပို့ချသူတွေကို စေလွှတ်မှာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာ့ဗ်ရို့ဗ်က ဇွန် ၅ ရက်မှာ ပြောကြားချက်ကို ကိုးကားပြီး ရုရှားနိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

ဘာကီနာဖာဆိုနိုင်ငံဟာ ၂၀၂၂ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်တပ်ရဲ့ ဦးဆောင်မှုအောက်မှာ ရုရှားက ဝဂ္ဂနာရဲ့ ကိုယ်ပိုင်ကြေးစားတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေကို အိမ်ရှင်အဖြစ် လက်ခံခဲ့ဖူးပါတယ်။

“သမ္မတ အီဘရာဟင်မ် ထရာအိုရေး အာဏာရလာပြီးနောက်မှာ ကျနော်တို့နိုင်ငံတွေအကြား ပထမဆုံး အဆက်အသွယ်ကနေပြီးတော့ စစ်ရေးနဲ့ စစ်ရေးနည်းပညာဆိုင်ရာ ဆက်ဆံမှုတွေ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အားလုံးမှာ နီးနီးကပ်ကပ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာ့ဗ်ရို့ဗ်က ဘာကီနာဖာဆို ခရီးစဉ်အတွင်း ပြောကြားချက်ကို TASS သတင်းဌာနက ထုတ်လွှင့်သွားပါတယ်။

ဒီပူးပေါင်းဆောင်ရွက်မှုရဲ့ ကျေးဇူးကြောင့် ဘာကီနာဖာဆို ပိုင်နက်ထဲမှာ ကျန်ရှိနေတဲ့ အကြမ်းဖက်ဝါဒတွေရဲ့ အကြွင်းအကျန်တွေကို ဖျက်ဆီးပစ်နိုင်လိမ့်မယ်ဆိုတာ သံသယမရှိကြောင်းလည်း မြို့တော် ဝါဂါဒူးဂူမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လာ့ဗ်ရို့ဗ်က ပြောပါတယ်။

ယူကရိန်းစစ်ပွဲ စတင်ခဲ့မှုကြောင့် ရုရှားကို အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေ ခံရကတည်းက လာ့ဗ်ရို့ဗ်ဟာ အာဖရိကကို ဆက်တိုက် သွားရောက်နေတာဖြစ်ပြီး ရုရှားဟာ ကုန်သွယ်ရေး မိတ်ဖက်အသစ်တွေကို ရှာဖွေနေတာဖြစ်ပြီးတော့ “ဘက်စုံကမ္ဘာ” ဆိုတဲ့ အမြင်နောက်ကွယ်မှာ အမေရိကန်နဲ့ အရင် ဥရောပကိုလိုနီ အာဏာရှင်တွေ လွှမ်းမိုးထားခြင်း မရှိတော့တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို စည်းရုံးဖို့ ကြိုးစားနေခဲ့ပါတယ်။

မာလီ၊ ဘာကီနာဖာဆိုနဲ့ နိုင်ဂျာတို့လို နိုင်ငံတွေ အပါအဝင် စစ်ခေါင်းဆောင်တွေ အာဏာသိမ်းထားတဲ့ အာဖရိကနဲ့ ရုရှားတို့ရဲ့ လုံခြုံရေးအဆက်အဆံ တိုးလာခြင်းဟာ အမေရိကန်နဲ့ တခြား အနောက်နိုင်ငံ အစိုးရတွေအတွက် စိုးရိမ်စရာ အရင်းအမြစ်တခုလည်း ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013